စာရွက်ထဲ ခုန်ဝင်မတတ် စိုက်ကြည့်ရင်း လမ်းသွားနေသည့် မေပိုးဥ။
“လမ်းကို ကြည့်လျှောက်လို့ မရဘူးလား မေပိုးဥ”
“အခု ဒီစာရွက်ထဲက စာတွေထက် လမ်းပေါ်က ကျောက်ခဲက ငါ့အတွက် အရေးကြီးနေမယ် ထင်လို့လား”
သူ့ကို ပြန်ရန်တွေ့နေသည့် မေပိုးဥကို ကြည့်ပြီး လွန်ခဲ့သည့် လေးရက်ကို အေးရိပ် ပြန်မြင်ယောင် လာသည်။ ဖုန်းတစ်လုံးဖြင့် ထွက်သမျှ on going အမှီလိုက်နေသော မေပိုးဥသည် ထိုအချိန်တုန်းက တော့ သူ့ စာမေးပွဲကို သူ အမှီ မကျက်နိုင်မှာ စိတ်ပူပုံမရခဲ့။
အေးလေး အဲ့တုန်းကသာ စိတ်ပူခဲ့ရင် အခုလို စားခါနီးမှ စပါးစိုက်တာမျိုး ဘယ်လုပ်နေမှာလဲ။
ကားတံခါးကို အေးရိပ်က အဆင်သင့် ဖွင့်ပေးသော်လည်း မေပိုးဥက မဝင်။ သူ့ကို ကျော်ကာ ဆက်လျှောက်သွားသည်။ အေးရိပ်၏ သည်းခံနိုင်စွမ်းသည် ကုန်ဆုံးလေပြီ။
“မေပိုးဥ!!”
ပထမဆုံး အကြိမ် ဆောင့်အော်မိခြင်းပင်။
ခြေလှမ်းတွေ ရပ်သွားသော်လည်း အေးရိပ်ကို လှည့်ကြည့်မလာ။ မျက်လုံးကို စာရွက်ကနေ မခွာ။
အစကတည်းကသာ စာကို အဲ့လိုကျက်ခဲ့ရင် မဟာတန်း ဘာညာဆက်တက်နေရလောက်မှာ။
“မတက်ဘူးလား”
ထို အခါမှ အေးရိပ်ကို မော့ကြည့်ဖော် ရတော့သည်။
“ဘာလဲ ကားငှားထားတာလား”
အေးရိပ် ခေါင်းငြိမ့်ပြလိုက်သည်နှင့် ချက်ချင်း ခေါင်းခန်းကို ကျော်ကြည့်လိုက်ကာ
“မောင်းမယ့်သူရော”
သူ့ရင်ဘတ်ကို သူ လက်နှင့်ပုပ်ပြကာ အေးရိပ် ဖြေလိုက်သည်။
“နင်မောင်းမှာလား လိုင်စင်ရှိလို့လား”
“နင် ငါ့ကို မေးဖို့ အချိန်ရှိသေးရင် စာ တစ်ကြောင်းလောက် ထပ်မှတ်လိုက်တာ ပိုမကောင်းဘူးလား”
“စာလည်း အရေးကြီးပေမယ့် ငါတို့ ဘတ်စ်ကားနဲ့ပဲ သွားရအောင်”
သွားစရာလား ဒီလိုနေ့မှ ဘတ်စ်ကားနဲ့သွားရင် ငါ့လောက် ဉာဏ်နည်းတဲ့သူ ကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။ အခုကစပြီး နင့်ကို အနီးကပ်.. အရမ်းကို အနီးကပ် စောင့်ရှောက်ရမယ့် အချိန်ပဲ။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက နှင်းပိုးအိမ်နဲ့ အဆက်သွယ် မရတော့သည်မို့ အေးရိပ် ပိုလို့ သတိကပ်နေရသည်။
မသေဘူးလို့ ယုံကြည်ပေမယ့် သေသွားတာမျိုးလည်း ဖြစ်နေနိုင်တာမလို့ လောလောဆယ် နင်က သူတို့ ပစ်မှတ်ပဲ။ တစ်ဦးထဲ ကျန်တော့တဲ့ အမွေဆက်ခံသူက နင်မလို့။
“ဘာလို့လဲ”
အေးရိပ် အမေးကို ခပ်မဲ့မဲ့လေး မော့ကြည့်ရင်းက
“ကားငှားရင် အများကြီးကုန်မယ်ထင်တယ်”
အရာရာကို တွက်ချက်တတ်သော မေပိုးဥ၏ အကျင့်လေးကို ဖြစ်နိုင်လျှင် နှင်းပိုးအိမ်သို့ တစ်ဝက် ခွဲပေးစေချင်သည်။ ဘယ်သောအခါမှ ဈေးမကြည့်တတ်သော နှင်းပိုးအိမ်သည် သူ ကြိုက်လျှင် ဘယ်အရာမဆို ဈေးပေါသည်သာ ဖြစ်သည်။
မေပိုးဥကို ပခုံးမှနေ ကိုင်ကာ ကားထဲသို့ ဝင်စေလိုက်သည်။
“ကားခက ပြဿနာမဟုတ်ဘူး.. အခုချိန်မှာ တကယ့်ပြဿနာက နင် စာမရသေးတာပဲ”
မေးခွန်းတွေ အများကြီး မဖြေချင်သဖြင့် မီးတောက်သေးသေးလေးတစ်ခုကို ဓာတ်ဆီလောင်းပေး လိုက်သည်။ ပြောင်မြောက်သော ဖြေရှင်းနည်း မဟုတ်ပါလား။
ကျောင်းရောက်သည် အထိ မေပိုးဥမှာ တုတ်တုတ်မျှ မလှုပ်တော့။ ငြိမ်ငြိမ်လေး ထိုင်ကာ အေးရိပ်၏ ရှို့မီးကြောင့် လောင်မြိုက်နေရှာသည်။
“ကဲ ဆင်းတော့”
“ဟင် ရောက်သွားပြီလား”
“ရောက်သွားပြီ”
“အေးရိပ်.. ငါစာမေးပွဲခန်းထဲ မဝင်ချင်ဘူး”
“အင်း အပြင်မှာ နေခဲ့လေ”
ခါးပတ်ဖြုတ်ကာ အေးရိပ်က အရင် ဆင်းသွားနှင့်သည်။
“အဲ့လို မဟုတ်..”
ပွစိပွစိနှင့် အမြန်နောက်က လိုက်လာသော မေပိုးဥသည် ခိုးရယ်နေသော အေးရိပ်၏ ကျေနပ်မှုကို မသိလိုက်ရှာ။
“မေပိုး”
“မိသင်း”
အချင်းချင်း နှုတ်ဆက်လိုက်သော်လည်း ပြုံးရွှင်မနေ။
သူတို့ မပြုံးရသည့် အကြောင်းကို သိသူသည် အေးရိပ်တစ်ယောက်ထဲသာ။ ပုလင်းတူ ဘူးဆို့ ဆိုသည့်အတိုင်း မိသင်းသည်လည်း မေပိုးဥကဲ့သို့ Drama ဂျိုးဖြစ်သည်။
ထိုင်ချကာ စာကျက်နေသော နှစ်ယောက်နား အေးရိပ်ပါ ဝင်ထိုင်ပေးရတော့သည်။
“ဒါနဲ့ ပြန်မနွှေးတော့ဘူးလား”
မိသင်းသည် အေးရိပ်ကို စိတ်ဝင်တစားမေးသည်။ အေးရိပ် ခေါင်းခါပြလိုက်သည်။ အေးရိပ်တွင် နွှေးစရာစာမရှိ။ တစ်ပုဒ်မှကို ကျက်မထားသောကြောင့် ဖြစ်သည်။
“တော်တဲ့သူတွေများ ကောင်းလိုက်တာ..”
သူထင်သလို မဟုတ်ကြောင်းတော့ အေးရိပ် ရှင်းပြမနေတော့။ အထင်ကြီးခံရလည်း နည်းလား ဆိုသည့် အတွေးထက် ခဏတဖြုတ်ဆက်ဆံရေးတွေမို့ အကျယ်တဝင့်တွေ မလိုဘူးလို့ပဲ သဘောပိုက်လိုက်တာမျိုး။
မျက်လုံးရှေ့သို့ ရောက်လာသည့် minute maid စတော်ဘယ်ရီဘူးလေး။ မော့ကြည့်လိုက်တော့ ပြုံးလျက် သူ့ကို ကြည့်နေသည့် မမ။
“စာတွေရပြီလား”
ထိုမေးခွန်းသည် ကြည်နူးမှုတို့ကို ဆိတ်သုဉ်းသွားစေ၏။
“စာမေးပွဲရက်တွေမှာ လိုက်နာရမယ့် စည်းမျဉ်းသုံးခုရှိတယ်”
အေးရိပ် အပြောကို မိသင်းက ဟန်ပါပါ ခေါင်းငြိမ့်၏။
“နံပါတ်တစ် စာမေးပွဲခန်းထဲ မဝင်မချင်း စာရပြီလားလို့ မမေးရဘူး”
အေးရိပ်စကားကို မိသင်းက ဆက်ကာ
“နံပါတ် နှစ် စာမေးပွဲခန်းထဲက ထွက်လာရင် ဖြေနိုင်လားလို့ မမေးရဘူး”
ချမ်းမှာ ကြောင်အအလေးဖြင့်
“ဘာစည်းမျဉ်းလဲ အဲ့တာ”
နှစ်ယောက်လုံးသည် မေပိုးဥအားညွှန်ပြကာ
“မေပိုးဥရဲ့ စာမေးပွဲရက် ပျော်ရွှင်နည်း စည်းကမ်းလေ”
ထိန်းထားသည့် ကြားမှ ဟက်ခနဲ ရယ်မိသည်အထိပင်။ ခပ်အေးအေးကလေးဟု သူထင်သော ကလေးတွင် ယခုကဲ့သို့ ပေါကြောင်ကြောင် စည်းမျဉ်းတွေရှိသည်တဲ့လား။
“နံပါတ်သုံး စည်းမျဉ်းကရော”
“Account ဖြေတဲ့နေ့ကျ သိလိမ့်မယ်”
အသည်းအသန် စာကုန်းကျက်နေသော ကလေးသည် သူတို့ စကားဝိုင်းကိုတောင် ဝင်မပါအားပါ။ ကြည့်ရတာ စာမရသေးဘူးထင်တယ်။
စာမေးပွဲခန်းသို့ သွားကြည့်ပြီး ပြန်လာသော မိသင်းသည်
“မေပိုး နင့်ခုံနံပါတ်ရှေ့မှာ..”
“ဘယ်နှစ်ယောက်ရှိလဲ”
မိသင်းသည် လက်ညှိုးလေး တစ်ချောင်း ထောင်ပြကာ ဖြေ၏။
“တော်သေးတာပေါ့ ငါ့ရှေ့မှာ တစ်ယောက်ရှိသေးလို့”
“ဒါပေမယ့်..”
မိသင်းသည် စကား ဆက်မလာ။
“ဒါပေမယ့်..”
မေပိုးဥက ထောက်ပေး၏။
“အဲ့တစ်ယောက်က အခန်းစောင့် ဆရာမ”
“အား!!! ဘာလို့ ငါမှလဲ”
အကျယ်ကြီး ထအော်လိုက်သဖြင့် ဘေးတွင်ထိုင်ကာ စာနွှေးနေသော ချမ်းတောင် တုန်သွားရသည်။ နူးနူးညံ့ညံ့လေးလို့ သူ သိထားခဲ့သည် ကလေး၏ တခြား အခြမ်းတွေ ဒီနေ့မှ စုကာ အကုန် မြင်နေရ သလိုပင်။
“အား!!! ငါ မဝင်ချင်ဘူး”
“မဝင်ရသေးပါဘူး ၁၀ မိနစ် လိုပါသေးတယ်”
“မမ!!”
ပထမဆုံး အကြိမ် ချမ်း အအော်ခံရတာပင်။ အမှန်အကန် ဘူနေသည့် ရုပ်လေးမို့ ချမ်း ထပ်မစရက်တော့။ မေပိုးဥ လက်ထဲမှ စာအုပ်လေးအား ယူကာ သူ့စာအုပ်ထဲ သိမ်းထားသည့် စွယ်တော်ရွက်လေးအား ညှပ်ပေးရင်း
“ဖြေနိုင်ပါစေ”
တကယ် ရည်စူးသည့် ဆုတောင်းတွေဆိုတာ ချမ်း မျက်လုံးကို ကြည့်ရုံနှင့် သိနိုင်သည်။ မေပိုးဥကို ကြည့်နေလျှင် မျက်လုံးတွေပါ ပြုံးတတ်သည်အထိ ချိုမြလွန်းသည်ဆိုတာလည်း ချမ်း နှုတ်ခမ်းပါးပါးက သက်သေပင်။
“ဘာလို့ သစ်ရွက်ကို စာရွက်ကြား ညှပ်တာလဲ”
အေးရိပ်သည် မြန်မာ ယဉ်ကျေးမှုတွေနှင့် မရင်းနှီးသည်မို့ စွယ်တော်ရွက် ညှပ်ရသည့် အကြောင်းရင်းကို မသိရှာ။
“ငါတို့မှာ ဒီလို အယူတစ်ခုရှိတယ်”
အေးရိပ် မျက်လုံးသည် မိသင်းထံ ရောက်သွား၏။
“စွယ်တော်ရွက်ကို ကိုယ်မရတဲ့ အပုဒ်နား ညှပ်လိုက်ရင် အဲ့တစ်ပုဒ်ကို စာမေးပွဲမှာ မေးလာရင်တောင် ကောင်းကောင်း ဖြေနိုင်တယ်တဲ့ မေပိုးဥ စာအုပ်ကြားထဲက သစ်ရွက်လေးက စွယ်တော်ရွက်လေ”
“တကယ်ဖြေနိုင်တာလား”
“အဲ့တာတော့ မေပိုးဥ စာမေးပွဲခန်းထဲက ထွက်လာရင် သိရမှာပေါ့”
အေးရိပ်အဖို့တော့ စာမေးပွဲ မေးခွန်းထက် စွယ်တော်ရွက်၏ အလုပ်လုပ်ပုံကိုသာ တကူးတက သိလိုသည်မို့ ခေါင်းလောင်း အမြန်ခေါက်စေချင်သည်။
မေပိုးဥ ခမျာမှာတော့ လျှာတောင် ခလုတ်တိုက်တော့မည်။ အသည်းအသန်နွှေးရင်း ချွေးပြန်နေရှာ သည်။
မိသင်းကတော့ မျက်နှာချင်းဆိုင် အခန်းတွင်းသို့ ဝင်နှင့်သည်။ ခေါင်းလောင်းခေါက်နေပြီမို့ မေပိုးဥ စာအုပ်ကို ပိတ်လိုက်ကာ သက်ပြင်းချလိုက်သည်။
“ဖြေနိုင်မှာပါ”
ပြုံးပြရမှာဖြစ်သော်လည်း ပြုံးဖို့ရာ အားတောင် မကျန်ပါ။
“မမ မဝင်ဘူးလား”
ချမ်းသည် မေပိုးဥနောက်သို့ ပါမလာ။
“အစ်မက အပေါ်ထပ်မှာ ဖြေရမှာ ညီမလေး”
အော်..အဲ့တာကြောင့် မမ သူငယ်ချင်းတွေကို မတွေ့တာကိုး။
“စိတ်အေးအေးထားပြီး ဖြေနော်”
သူ အခန်းထဲ ဝင်မှ မမသည် အပေါ်သို့ ခပ်သွက်သွက် ပြေးတက်သွား၏။ သူ့ကို လာစောင့်ပေးနေတာ တဲ့လားလေ..။
ဒီလိုမျိုး အရမ်းကောင်းပေနေတာမို့ သေချာပေါက် ငါက မမကို အပိုင်သိမ်းမှ ဖြစ်တော့မှာ။
နောက်ဆုံးတန်းတွင် ထိုင်ကာ ဘေးမျဉ်းတားနေသော အေးရိပ်ကတော့ မေပိုးဥကို အရိပ် တကြည့်ကြည့်ပင်။ ဘောပင်လှုပ်မပျက် စာရေးနေသော မေပိုးဥသည် တကယ်ပဲ စွယ်တော်ရွက် အစွမ်းလားဆိုတာ သူ အရမ်း စိတ်ဝင်စားသည်။
စာမေးပွဲမှာ ပါလာသည့် အပုဒ်သည် မေပိုးဥ တစ်မနက်လုံး ခလုတ်တိုက်မတတ် အပူတပြင်းကျက်နေသည့် အပုဒ်မဟုတ်ဘူးဆိုတာ အေးရိပ် သိသည်။
အခန်း ရှေ့တွင် အရင် လာရပ်သူသည် မိသင်းပင်။ မေပိုးဥကို တစ်ချက်ကြည့်ကာ နောက်ဆုံးတွင် ထိုင်နေသော အေးရိပ်သို့ တစ်ချက်ကြည့်၏။ မျက်ခုံးပင့်ပြကာ ပြီးပြီလားဟု မေးရှာသည်။ အေးရိပ် ခေါင်းငြိမ့်ပြသည်နှင့် ထွက်လာရန် အချက်ပြသည်။
အေးရိပ် အခန်းပြင်ရောက်သည်အထိ မေပိုးဥသည် ကြိုးစားရေးနေဆဲ ဖြစ်သည်။
“စွယ်တော်ရွက်က တကယ် အစွမ်းထက်တယ် ထင်တယ်”
မိသင်းသည် ရယ်ရုံသာရယ်၍ အေးရိပ်ကို ဘာမှ ပြန်မဖြေ။
“မုန့်သွားစားရအောင်”
မေပိုးဥကို တစ်ယောက်ထဲထား၍ အေးရိပ်မသွားချင်။ သူမရှိသည့် မိနစ်ပိုင်းအတွင်း မေပိုးဥသည် တစ်ခုခု ဖြစ်သွားနိုင်သည်။
“မေပိုး ထွက်လာရင်..”
“စိတ်ချ ခေါင်းလောင်းတီးမှ ထွက်လာမှာ မေပိုးဥက စာမရလည်း ၃ နာရီ အပြည့်ထိုင်တဲ့ အမျိုး”
“သွားလိုက်ပါ ငါ ဒီမှာ စောင့်နေလိုက်မယ်”
ဘယ်ကတည်းက သူတို့နား ရောက်နေမှန်း မသိသော ချမ်း။
“ဖြေနိုင်လား”
ပုံမှန်အတိုင်း အကျင့်ပါပြီး မေးလိုက်သော်လည်း
“စာမေးပွဲရက် ပျော်ရွှင်နည်း စည်းကမ်းကို မေ့သွားပြီလား”
“အဲ့စည်းကမ်းက မေပိုးဥအတွက်ပဲ မဟုတ်ဘူးလား”
ချမ်း အမေးကို မိသင်းရော အေးရိပ်ကပါ အသည်းအသန် ခေါင်းခါလျက် ငြင်းသည်။
“လာလေ မုန့်သွားစားမယ်”
မိသင်းသည် အေးရိပ်ကို လက်မောင်းမှနေ တွယ်နှောင်လျက် အပိုင်ချုပ်ကာ ခေါ်သွား၏။
“ဒါပေမယ့်..”
ဒါပေမယ့်နေသော်လည်း မိသင်းဆွဲခေါ်ရာသို့ ပါသွားနှင့်၏။
စူးစူးစိုက်စိုက် စာငုံ့ရေးနေသော ကောင်မလေးကတော့ သူ့ကို အခန်းဝတွင် ရပ်စောင့်နေသည့် ချမ်းကို မတွေ့ရှာ။
“တကယ်ကို ကြိုးစားနေတာပဲ”
မိသင်းတို့ မုန့်ဝယ်ပြီး ပြန်လာသည်အထိ မေပိုးဥသည် စာမေးပွဲခန်းထဲတွင် ထိုင်နေတုန်း ရှိသေးသည်။
“ငါမပြောဘူးလား သူ သုံးနာရီ ပြည့်မှ ထွက်မှာပါဆို”
အေးရိပ်သည် ဟော့ဒေါ့စားရင်း မေပိုးဥကို ကြည့်ရင်း မယုံသလိုနှင့် မိသင်းကို မေးခွန်းထုတ်သည်။
“တကယ် အမြဲ အဲ့လိုပဲလား”
“တွက်စာနေ့ဆိုရင်တော့ နှစ်နာရီခွဲနဲ့ ထွက်တတ်ပါတယ်”
ပြောရင်းဆိုရင်း ခပ်မဲ့မဲ့ မျက်နှာကလေးဖြင့် ထွက်လာသော မေပိုးဥ။ အခြေအနေသည် ကောင်းပုံမရ။ ချမ်း နာရီကို ကြည့်လိုက်တော့ သုံးနာရီပြည့်ဖို့ရာ ဆယ်မိနစ်လိုသေးသည်။
အလိုက်သိသော အေးရိပ်သည် ဟော့ဒေါ့တစ်ချောင်း မေပိုးဥကို ပေးကာ
“တစ်တောင်ကျော်နိုင်သွားပြီပဲ စိတ်ကိုပေါ့ပေါ့ပါးပါးထား”
“ဒါငါ့စားဖို့လား”
“မဟုတ်ဘူး ကိုင်ထားခိုင်းတာ ငါကားမောင်းရမှာမလို့”
“အေးရိပ် နင်တော့လား..”
မေးခွန်းစာရွက် မြင်ကတည်းက သွေးတက်နေတဲ့သူကို ငယ်ထိပ်ထိ သွေးစောင့်တက်အောင် လုပ်နေတာမဟုတ်ဘူးလား အခု။ အေးရိပ်ကို စိတ်တိုနေတာနှင့် ဘေးမှာ ရပ်နေသည့် မမကိုတောင် မေ့သွားသည့် အဖြစ်။
“မမ ဖြေနိုင်လား”
မမသည် သူ့လက်ညှိုးလေးအား ကွေးလျက် မေပိုးဥ နှာထိပ်လေးအား ခပ်ဖွဖွ တို့ထိကာ
“မမေးရဘူးဆို စည်းကမ်းတွေ ချိုးဖောက်နေတာလား”
“ဟာ.. အဲ့စည်းကမ်းက မမပါ အကျုံးဝင်သွားပြီလား”
“ညီမလေး ထုတ်ထားတာဆိုတော့ သေချာပေါက် လိုက်နာရမှာပေါ့”
မမ၏ အပြုံးသည် နူးညံ့သလို ပြောသမျှ စကားတိုင်းသည်လည်း နှောင်ဖွဲ့တတ်လွန်းသဖြင့် ရုန်းနိုင်ဖို့ရာ ခက်ခဲလွန်းလှ၏။
“နင် မပြုံးပဲ စကားမပြောတတ်ဘူးလား”
အေးရိပ် စကားကြောင့် ချမ်းမျက်စောင်းသည် အေးရိပ်ဆီ တည့်တည့်ရောက်ရပြီ။
အေးရိပ်ပြောလည်း ပြောချင်စရာ မေပိုးဥနှင့်ဆိုလျှင် ချမ်းသည် စကားပြောလျှင်တောင် ပြုံးပြုံးကလေး ပြောတတ်ပြီး ပျားရည်ပင် အချိုပေါ့သည်အထိ သူ့ အပြုံးက အချိုကဲလွန်းသည်။
“ငါတို့နဲ့ တူတူလိုက်မလား”
“မလိုက်တော့ဘူး ဟိုကောင်တွေ စောင့်နေလို့”
ချမ်းသည် နန္ဒာတို့ကို မေးငေါ့ပြကာ မေပိုးဥဖက်လှည့်လိုက်ပြီး
“ခေါင်းအေးအေးထားပြီး စာပြန်နွှေးနော်”
ချမ်း လက်ကို အမြန် လိုက်ဆွဲကာ
“ည မအိပ်ခင် ဖုန်းခဏလောက်ခေါ်လို့ရလား”
“ရတာပေါ့ ညီမလေးရဲ့”
မျက်နှာငယ်လေးနှင့် ခပ်မဲ့မဲ့ကလေး သူ့အား ကြည့်နေသော ကလေးကို မထားခဲ့ချင်သော်လည်း နန္ဒာတို့ စောင့်နေတာ ကြာလှပြီ ဖြစ်သဖြင့် ချမ်း အပြေးကလေး သွားရသည်။
“နင် တကယ် မစားပဲ ကိုင်ထားတာလား”
ချမ်းကို ငေးနေရာမှ အေးရိပ်ဆီ အကြည့်ရောက်သွား၏။ ပြေတီတီ မျက်နှာဘေးဖြင့် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နင်ပဲ ကိုင်ထားဆို”
တကယ့်ကို အူတူတူပါလား မေပိုးဥရယ်။ နင့်ကို ကိုင်ထားခိုင်းဖို့ ငါက ကျောင်းရှေ့ထိ တရှည်တဝေး လမ်းလျှောက်ပြီး ထွက်ဝယ်လာတယ် ထင်လို့လား။
“ဒါလည်း နင် ယုံတာပဲလား”
“ဘာလဲ ဒါဆို ငါစားဖို့လား”
ဘာမှကို ပြန်မဖြေချင်တော့လောက်အောင် အေးရိပ် စိတ်လေသွား၏။ အလိုက်သိတတ်သော မေပိုးဥသည် တစ်ခါတစ်ခါလည်း ဘယ်သူနှင့်မှ မတူအောင် ထိုကဲ့သို့ တုံးအတတ်သေး၏။
ပတ်ဝန်းကျင်ကို တောက်လျှောက် အကဲခတ်နေပါသော်လည်း Ellen ကို အေးရိပ် မတွေ့။ နှင်းပိုးအိမ် ပျောက်နေပြီဆိုကတည်းက သူတို့ သေချာပေါက် မေပိုးဥနောက်ကို အမဲလိုက်သလို လိုက်နေကြရမှာ ကို တစ်ခုခု လွဲချော်နေသလိုပင်။
“ဘာရှာနေတာလဲ”
“ဘာမှမဟုတ်ဘူး သွားမယ်”
ကျောင်းဝန်းထဲမှ အရှိန်နှင့် ထွက်သွားနှင့်သော ကားကလေးသည် စာသင်ခန်းဟောင်းထဲမှာ ခပ်ရေးရေး ပေါ်နေသည့် အရိပ်တစ်ခုကို မမြင်လိုက်ပါချေ။
“အဲ့လောက်ထိ သတိထားနေစရာလိုလို့လား တကယ်ဆို ဒါနဲ့တင် ပြီးနေတာကို”
သူ့လက်ထဲတွင် ကိုင်ထားသည့် သားရေအိတ်ကလေးကို မြှောက်ပြရင်း ပြောနေသည်။ နေရောင်တွင် တစ်စွန်းတစ်စ မြင်နေရသည့် အညိုရောင် သားရေအိတ်လေးကို Ellen သိသည်။
အရွယ်စုံ ငွေရောင် အပ်ကလေးတွေ ထည့်ထားသည့် အိတ်ပင်။ အရေပြားထဲ ထိုအပ်ကလေး ဝင်သည်နှင့် နာရီဝက်အတွင်း သေသည်အထိ အဆိပ်ပြင်းသည့် အပ်တွေပင်။
“အဲ့လောက် လွယ်ကူနေရင် ငါဒီမှာ ရပ်နေမှာတောင် မဟုတ်ဘူး”
“ဘာများမလွယ်စရာ ရှိလဲ အရင်လည်း ငါတို့ဒီလိုပဲ ဖြေရှင်းလာတာပဲ ဘာပဲဖြစ်ဖြစ် တရားခံပေါ်မယ့် အမှုမှ မဟုတ်တာ”
“သူထွင်တဲ့ လက်နက်နဲ့ သူ့မြေးကို ပြန်သတ်မလို့လား အရှင်လတ်လတ်ငရဲကို သွားချင်နေတာများလား နင်..”
“နင်ကမှ နင့်အစ်မကို အရမ်းအလိုလိုက်နေတာ မဟုတ်ဘူးလား ငယ်ငယ်ထဲက သခင်လို ခစားလာ တဲ့ မိန်းကလေးအတွက်နဲ့ နင့်ကို ထမင်းကျွေးဖို့တောင် အိမ်ပြန်မလာနိုင်တဲ့ အစ်မကိုလေ”
Ellen မှာ တုန့်ပြန်စရာ စကားလုံးတို့ ရှိမနေ။
“နှင်းပိုးအိမ်ကတော့ သူ့လက်ထဲမှာကြီးလာတဲ့ ကလေးမလို့ ထားပါ အခု တစ်ယောက်ကရော တူတူ ရှိတာ တစ်နှစ်တောင်မပြည့်သေးဘူးမလား နှင်းပိုးအိမ် မရှိလည်း သူ့မျက်နှာနဲ့ တူတဲ့ အဲ့ကလေးက ဒုတိယ နှင်းပိုးအိမ် ဖြစ်လာဦးမှာပဲ”
“ဘာကိုပြောချင်တာလဲ”
“နင့်ကို သဘောပေါက်စေချင်တာ.. နင့်အစ်မရဲ့ ရွေးချယ်မှုက နင်မဟုတ်ဘူးဆိုတာ”
သန်မာသည့် လက်ချောင်းတွေသည် ထိုအမျိုးသမီး၏ လည်တိုင်ကို အမိအရ ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
“ငါ့မျက်စိရှေ့မှာ ရှိနေတဲ့ လူကလေးက ထပ်ပြီး စွန့်ပစ်ခံရဦးမှာပဲ”
“တော်တော့!!”
တစ်ဖက်လူ ပုံလျက် လဲကျသွားသည်အထိ တွန်းထုတ်ပစ်လိုက်သော်လည်း နားထဲ ရောက်သွင်းခံလိုက်ရသည့် စကားလုံးတို့ကတော့ နှလုံးသားထဲမှ ကြောက်စိတ်ကို နှိုးနှင့်လိုက်လေပြီ။
------------------
အပ်ပုဒိတ်တွေ ဆက်တိုက်မြန်တော့မှာပါ ဒီခါတော့ အတည်😢😢😢
You are reading the story above: TeenFic.Net