ဖုန်တစ်စက်မှ မရှိသည့် ကြမ်းပြင်လေးသည် ပြောင်လက်လက်မို့ ခြေတောင် မချရက်။
“ဝင်ခဲ့လေ”
အားတုန့်အားနာဖြင့် အေးရိပ်သည် သူ့ ခြေချောင်းဖြူဖြူလေးများကို ဖိလျက် ခြေဖျားထောက်ကာ ဝင်လာသည်။ လွယ်အိတ်ထားပြီး ပြန်ထွက်လာသော မေပိုးဥသည် အေးရိပ်အားကြည့်လျက်
“ခြေထောက်မှာ တစ်ခုခု ပေနေလို့လား”
“မဟုတ်ဘူး..ကြမ်းက”
“ရှတတဖြစ်နေလို့လား”
အေးရိပ်ပြောသည့် စကားကို ဆုံးအောင် မစောင့်ပဲ တံမြက်စည်းဆွဲကာ လှည်းဖို့ ပြင်နေသည့် မေပိုးဥ။
“ခဏလေး ငါပြောတာ ဖုန်တွေ ရှိတယ်လို့ မဟုတ်ပဲ အရမ်းကို သန့်ရှင်းပြီး ပြောင်လက်နေတော့ နင်းရမှာ အားနာလို့”
တံမြက်စည်းကိုင်ထားသည့် လက်ကလေးသည် လေထဲတွင်ပင် ရပ်ကာ အေးရိပ်ကို မျက်လုံးလေး ပုပ်ခတ်ပုပ်ခတ်ဖြင့် ကြည့်ရှာသည်။အေးရိပ် ပြုံးပြလိုက်ကာ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
“ဘာသောက်မလဲ ကော်ဖီ သံပုရာရည် လိမ္မော်ရည်”
“နင် ဘာကြိုက်လဲ”
သူ့ဖို့ ဧည့်ခံမလို့ဟာ မေပိုးဥကို ပြန်မေးနေပါသော အေးရိပ်။
“လိမ္မော်ရည်”
“အင်း အဲ့တာဆို ငါလည်း အဲ့တာပဲ ယူမယ်”
အေးရိပ် အဖြေရသည်နှင့် ချက်ချင်း မီးဖိုထဲ ဝင်သွားနှင့်သော မေပိုးဥ။ မေပိုးဥကို စောင့်ရင်းက မှန်ဘီရိုထဲက အစဉ်လိုက် စီထားသည့် ဓာတ်ပုံလေးများဆီ အကြည့်ရောက်သွားမိသည်။
ပုံအားလုံး တွင် တူညီသည့် အရာသည် တောက်ပသည့် အပြုံးသေးသေးလေးဖြစ်သည်။ နောက်ပြီး ဘေးနားမှာ အမြဲရှိနေသည့် နူးညံ့သည့် အပြုံးနှင့် အမျိုးသမီး။
နံရံပြည့် ချိတ်ဆွဲထားသည့် ဓာတ်ပုံဘောင်ထဲတွင် တစ်ယောက်ထဲ မျက်လုံးသေလေးဖြင့် ရပ်နေသော ပုံရိပ်လေးက အေးရိပ် မှတ်ဉာဏ်ထဲ ဖြတ်ပြေး သွားတော့ ရင်ထဲ ဆစ်ခနဲ။
“ငါ့အတွက် နေရာလွတ်က အရမ်းကို ကြီးလွန်းတယ် နင်ပါ တူတူလာရပ်မလား”
လို့ မေးတဲ့ ကလေးသေးသေးလေးနှင့် အခု ဓာတ်ပုံတိုင်းတွင် ဘေးနားက ချစ်ရတဲ့ မိသားစုက အမြဲ တူတူရှိနေသည့် ကလေးလေးသည် တစ်ရုပ်ထဲ၊ တစ်ပုံစံထဲ ဖြစ်သည် ဆိုတာ..။
ခေါင်းကို ခါထုတ်လိုက်ကာ မျက်စိရှေ့က ဓာတ်ပုံကို တစ်ချက်ပြန်ကြည့်လိုက်သည်။ မေပိုးဥ ဘေးက နူးညံ့လွန်းသည့် အပြုံးတွေ..လွန်ခဲ့သည့် နှစ် ၂၀ တုန်းကအတိုင်း မပြောင်းမလဲ နူးညံ့နေသည့် အပြုံးတွေ။
တစ်ပုံချင်းဆီတွင် ပြောင်းလဲသွားသည့် အရာဆိုလို့ တဖြေးဖြေး အရွယ် ရောက်လာသည့် ကလေးပိစိလေးပဲ ရှိသည်။
ပုံတိုင်းတွင် နှစ်ယောက်ထဲသာရှိ၍ တခြား ယောင်္ကျားသား မတွေ့ရ။ တကယ်ပဲ သူ့စကားအတိုင်း အိမ်ထောင်မပြုပဲ သူ့ဘဝကို မေပိုးဥအတွက်ပဲ မြှုပ်နှံလိုက်တာများလား။
“အေးရိပ် လိမ္မော်ရည် သောက်မယ်လေ”
“မေပိုးက mama’s girl လေးလား”
အအေးဗန်းကိုင်ကာ ထွက်လာသော မေပိုးဥသည် သူ့ အမေးကို အပြုံးနှင့်သာ ပြန်ဖြေသည်။ စားပွဲပေါ် လိမ္မော်ရည်ခွက်ကလေးတွေကို တင်လိုက်ရင်း
“mama’s girl ထက် mama’s queen ဆို ပိုမှန်မယ်ထင်တယ်”
“အချစ်ခံရတဲ့ ကလေးလေးပေါ့”
“အင်း လိုတာထက် ပိုပြီးတော့ကို”
ဓာတ်ပုံတွေ ငုံ့ကြည့်နေရာမှ ရပ်လိုက်ကာ အေးရိပ် မေပိုးဥ ထိုင်နေသည့် စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ မမေးသင့်တာမှန်း သိသော်လည်း သိချင်နေသည့် သူ့စိတ်ကို သူ ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိတော့၍
“မေမေနဲ့ နှစ်ယောက်တည်း နေတာလား”
ဒူးပေါ်တင်ထားသော လက်ဖောင်းဖောင်းလေးများသည် ထိုမေးခွန်းကြောင့် ပိုပြီး ကွေးဆုပ်သွား သည်ကို အေးရိပ် သတိထားမိလိုက်သည်။
မမေးသင့်မှန်း သိသိနှင့် မေးလိုက်သည့် မေးခွန်းအတွက် သူ ဘယ်လိုပြန်တာဝန်ယူပေးရမလဲ အသည်းအသန် စဉ်းစားနေခိုက်
“အင်း နှစ်ယောက်ထဲပဲ မေမေက sg mom လေ ငါ့ကို ဒီအရွယ်ထိ ရောက်အောင် တစ်ယောက်ထဲ ပျိုးထောင်လာတာ လုံးဝကို အံ့ဩစရာကောင်းပြီး တော်တယ်မလား”
ဟု သူ့အမေအကြောင်းကို ဂုဏ်ယူစွာပြောပြနေသေး၏။ အမေအကြောင်းပြောနေချိန် တက်ကြွနေသည့် ပုံရိပ်လေးသည် မနက်တုန်းက ချမ်းကို နောက်ကနေ ငေးရင်း မှိုင်ကျနေသည့် ပုံရိပ်လေးနှင့် လားလားမျှမဆိုင်။
တကယ်လို့များ အမှန်တရားကို သိသွားခဲ့ရင် ဒီအပြုံးတွေက တောက်ပနေပါ့တော့မလား...။
သိတာ ခဏလေးဆိုပေမယ့်.. ဒီအပြုံးတွေကို အခုအတိုင်း ဆက်ပြီး တောက်ပနေစေချင်တာတော့ သေချာပါသည်။
“အမြဲ ဒီလိုလေးဆို ကောင်းမယ်”
သူ့ကို ငေးရင်း ပြောလိုက်သော အေးရိပ်စကားကြောင့် မေပိုးဥ ပြောလက်စ စကားသည် တိကနဲ ရပ်သွားကာ သူ့ကို ခပ်ကြောင်ကြောင်လေး ပြန်ကြည့်လာသည်။
“အဲ့တော့ ငါတို့ ဘယ်ဘာသာက အရင်စမှာလဲ Audit ကလား”
ကိုယ့်စကားနဲ့ကိုယ် နေရခက်သွားသည်မို့ အေးရိပ်ကပဲ အမြန် လမ်းကြောင်းလွှဲရသည်။
“အင်း ဟုတ်တယ် Audit က စမယ်”
စာအုပ်ဖွင့်ကာ အကြမ်းစာအုပ်လေးတစ်ခုဖြင့် အားသွန်ခွန်စိုက်ရှင်းပြနေပါသော မေပိုးဥ။ ကျက်စာကို နားလည်လွယ်အောင် စကားလုံးရှင်းရှင်းလေးတွေသုံးပြီး ဟိုခြစ်သည်ခြစ်ဖြင့် ရှင်းပြနေသေးတာ။
အမှန်တော့ အေးရိပ်အတွက် စာမေးပွဲသည် အရေးပါတဲ့ အရာမဟုတ်။ ထို့ကြောင့် မေပိုးဥ အားစိုက်ကာ ရှင်းပြနေသည့် စာတွေဆို ပိုလို့တောင် အရေးမပါ။
အေးရိပ်အတွက် အရေးအကြီးဆုံးအရာသည် တန်ဖိုးထားရသည့် တစ်စုံတစ်ယောက် စိတ်အေးလက်အေး နေနိုင်ဖို့ ဖြစ်သည်။
“နင်ဘာလို့ အဲ့လောက် အရမ်းကြိုးစားနေတာလဲ”
“ဟမ်”
တလှုပ်လှုပ်ဖြင့် ရေးရင်း ရှင်းပြနေသော ခဲတံကလေး ရပ်သွားကာ သူ့ကို မော့ကြည့်လာ၏။
“ဒီတိုင်း ဆရာမ ပြောပြသွားသလို ဘယ်ကနေ ဘယ်အထိဆိုပြီး ကွင်းဝိုက်ပြီး အတိုချုပ် ပြောပြလိုက်လည်း ရနေတာကို”
“နင် သိပြီးသားတွေ ဖြစ်နေလို့လား”
အေးရိပ်ကို အားတုံ့အားနာ အမူအရာဖြင့် မေးလာသည်မို့ အခု တကယ် အားနာရမယ့်သူက ဘယ်သူလဲလေ ဟုသာ စိတ်ထဲမှ မေးလိုက်မိသည်။
“ဟင့်အင်း ငါမသိတဲ့ စာတွေပါ”
“ဖတ်ကြည့်လိုက်တာနဲ့ နားလည်မယ့်စာတွေကို ငါက အလကားသပ်သပ် အချိန်ပုတ်အောင် ရှင်းပြမိသွားတာလား”
ဘာလို့ အဲ့လောက်တောင် ရိုးအရတာလဲလေ။ နင်က တကယ့်ကို သိုးငယ်လေးလို အရမ်းဖြူစင်တာပဲ။ ငါသိတဲ့ ခပ်ဆိုးဆိုး ဝံပုလွေပေါက်လေးနဲ့ ကွာလိုက်တာ။ သူက မာယာများ လွန်းတယ်။
အခုတော့ ငါသိပြီထင်တယ်။ ဘာကြောင့် သူဖြစ်နေရတာလဲဆိုတာ။
“ဟင့်အင်း မဟုတ်ပါဘူး ငါက နင့်စာကျက်ရမယ့် အချိန်တွေကို ယူမိနေသလို ဖြစ်နေတာ"
ခေါင်းခါလျက် အေးရိပ်ဖြေတော့ ချက်ချင်း ကြည်ကြည်လင်လင် ပြုံးပြလာကာ
“နင့်ကို ရှင်းပြလိုက်ရင် ငါ စာပြန်ကြည့်စရာ မလိုတော့ဘူးပေါ့”
“နင်သိလား နင်ကလေ..”
ရွှန်းလဲ့နေသော မျက်လုံးနက်နက်လေးများသည် အေးရိပ်ကို စိုက်ကြည့်ကာ ဆက်ပြောမည့် စကားကို နားထောင်နေသည်မို့ ချက်ချင်း အကြည့်လွှဲကာ
“စာရှင်းပြတာ တကယ်တော်တာပဲ အခု ကျက်တော့မယ် နင်လည်း စာကျက်တော့”
ငြိမ်ငြိမ်ကလေး ထိုင်၍ မေပိုးဥ စာကျက်နေချိန် အေးရိပ်ကတော့ လေးယောက်ထိုင် ဆိုဖာပေါ်တွင် ကန့်လန့်ကြီး တစ်ရေးရနေပြီဖြစ်သည်။
တစ်ခုခုကို အာရုံစိုက်နေလျှင် ပတ်ဝန်းကျင်ကို မေ့တတ်သည့် မေပိုးဥ၏ အကျင့်ကလေးသာ မကယ်တင်လျှင် အေးရိပ်၏ စာမေးဖို့ လာနေတာ ဟူသော လိမ်ဆင်သည် ဘူးပေါ်သလို ပေါ်နေပြီ ဖြစ်သည်။
အေးရိပ်၏ ဆံပင်ရှည်တွေသည် ကြမ်းပြင်ပေါ်ထိ အိထွေးကျနေရာမှ တစ်ဆင့် ခေါင်းသည် ဆံပင်၏ ဝိတ်နောက်သို့ လိုက်လာသည်။ ထိုမှတစ်ဆင့် ပခုံးသည် ကြမ်းပြင်ဖက်သို့ ထို့နောက် ကိုယ်အပေါ်ပိုင်း တစ်ခုလုံးသည် လျှောရင်း..လျှောရင်းက..
“ဒုန်း”
“အ”
ခပ်ဖွဖွ ထွက်လာသော ဆူညံ့သံတွေကြောင့် အနှောင့်အယှက်ဖြစ်သွားမလားလို့ လှမ်းကြည့်လိုက် သော်လည်း တလှုပ်လှုပ်ဖြင့် ရေးခြစ်နေသည့် ဘောပင်လေးကတော့ ရပ်တန့်မသွား။
‘တော်ပါသေးရဲ့..’
အေးရိပ်၏ စိုးရိမ်မှုသည် အနည်ထိုင်စရှိသေးသည် ထိုင်ခုံကို ကျောမှီထားရာမှနေ ခေါင်းကို နောက်သို့ လှန်ချလျက်
“ဗိုက်မဆာဘူးလား အေးရိပ်”
“မဆာ..”
“ဂွီ..”
အဲ့လိုပဲ အရှက်ခွဲတာ..။ လူကြီးရှက်တော့ ရယ်ပေါ့။ ဟီးကနဲ ဖြဲပြလိုက်သည်။
နူးညံ့ နှစ်သိမ့်စရာ အပြုံးရိပ်လေး တစ်ခုသည် ချက်ချင်းဆိုသလို မေပိုးဥ မျက်နှာပေါ်မှာ ထင်ဟပ်လာသည်။
“ငါလည်း ဗိုက်ဆာနေပြီ”
ပုံမှန်အတိုင်းပဲ သက်သောင့်သက်သာ တုန့်ပြန်မှုလေးပင်။ဒီတိုင်း အပြုအမူ တစ်ခုချင်းဆီကကို နူးညံ့နေတာမျိုးဖြစ်မယ်။ အေးရိပ်သိဖူးသည့် တစ်ယောက်ယောက်တွင်တော့ ထိုသို့ နူးညံ့သည့် အမူအရာများ ရှိမနေ။
“ခဏနော် ဘာရှိလည်း ကြည့်လိုက်မယ်”
ရေခဲသေတ္တာဆီ ထသွားကာ ဟိုလှန် ဒီလှောဖြင့် ရှာဖွေနေရင်းမှ မျက်နှာကလေးမဲ့ကာ အေးရိပ်ကို ပြန်ကြည့်၏။
“ဘာလဲ ဘာမှ မရှိဘူလား”
ခေါင်းခါကာ သူ့လက်ထဲတွင် ကိုင်ထားသည့် မုန်လာဥနီ၊ပြောင်းဖူးတစ်ဖူးနှင့် ကြက်ဥတစ်လုံး အေးရိပ်ကို ပြ၏။ အသားဟင်းမရှိလို့ အားနာနေသည့် ပုံပင်။
ဒါတွေက ဟင်းလား လို့ ပြန်မေးဖူးသည့် ကောင်မလေးနှင့် ကွာခြားပေမယ့်လို့.. မဟုတ်ဘူး လုံးလုံး ဆန့်ကျင်ဖက်ဖြစ်နေသည်ဆို ပိုမှန်လိမ့်မည်။
“အသားမပါလည်း စားပါတယ်”
တကယ်လည်း ဘာဟင်းပဲဖြစ်ဖြစ် အေးရိပ် ဂျီးမများပဲ အကုန်စားနိုင်သည်။
“နင် ထမင်းကြော်ကြိုက်လား”
“အင်း ကြိုက်ပါတယ်”
“ဒါဆို အစပ်ရော စားလား”
“အင်း စားပါတယ်”
“ဒါဆို ငါနင့်ကို ပသျှူးထမင်းကြော်ကျွေးမယ်”
“ဘာကြီး”
“တရုတ်စာလေ ပသျှူးထမင်းကြော်”
“ဟုတ်လား”
“အင်း မွှေးတယ် စပ်တယ် စားလို့ကောင်းတယ်”
“ငါလည်း ကူပေးမယ်လေ”
မီးဖိုထဲသို့ ဝင်လာသော အေးရိပ်ကို မကြည့်ပဲ သူ့လက်ထဲက ဟင်းချက်စရာတွေကို သူ့ကိုယ်လေးနှင့် ကွယ်ပစ်လိုက်သည်။
“ဘယ်ဖြစ်မလဲ နင်က စာကျက်ဖို့လာတာ စာပဲကျက် ငါက ချက်မယ်”
“ဦးနှောက်ဆေးတဲ့ သဘောပေါ့ ငါစာကျက်ရတာ မကြိုက်ဘူးဟ”
“ထပ်တူ”
ဟု မဲ့တဲ့တဲ့လေး အေးရိပ်ကို ပြန်ဖြေရှာသည်။
“ပြောင်းဖူး အရင်ချွေလိုက်မယ်”
“အင်း”
“နင်ပဲ အမြဲချက်တာလား”
“အင်း.. ငါ ချက်ထားရင် ပြန်ရောက်တာနဲ့ မေမေ လက်ဆေးပြီး စားရုံပဲလေ”
“လိမ္မာတဲ့ ကောင်မလေးပဲ”
“မေပိုးရေ မေမေ ကြက်ကင် ဝယ်လာတယ်”
ဟူသော အသံနှင့်အတူ ပွင့်လာသော တံခါးနောက်တွင် တွေ့လိုက်ရသည့် ဓာတ်ပုံထဲက အမျိုးသမီး။
ဒယ်အိုး တန်းလန်းနှင့် ဖြစ်နေသော မေပိုးဥ ခမျာ သူ့အမေကို လှည့်မကြည့်အား
“မေမေ ပြန်လာပြီလား မေပိုးက ပသျှူးထမင်းကြော်နေတာ ရတော့မယ်”
ဝယ်လာသည့် ကြက်ကင်ကို စားပွဲပေါ် တင်လိုက်ရင်း အေးရိပ်ကိုလည်း ပြုံးပြဖို့ မပျက်ကွက်ခဲ့။
“မေမေ ဘာလုပ်ကူပေးရအုံးမလဲ”
“ပြီးပြီ မေမေက စားရုံပဲ အမြန် ရေချိုးတော့”
သူ့ကို ကြည့်နေသည့် မျက်ဝန်းတွေ၏ တောက်ပမှုကို ဒေါ်ငြိမ်းမေ ရင်းနှီးသည်။ သို့သော် ဘယ်မှာ မြင်ဖူးနေမှန်း စဉ်းစားမရ။မြန်မာနှင့် မတူသော အချိုးအစားကျကျ မျက်နှာလှလှသည် သူ အမှတ်တမဲ့ မြင်ဖူးသည့် မျက်နှာမျိုး မဟုတ်ခဲ့တာတော့ သေချာပါသည်။
“မေမေရေ ခူးရတော့မလား”
“အင်း”
သူ အပြင်မထွက်ခင်ကပင် ထမင်းကြော်နံ့သင်းသင်းသည် သူ့ကို အခန်းထဲထိ ကြိုနှင့်သည်။ အပူရှိန် တငွေ့ငွေ့နှင့် ထမင်းကြော်လေးသည် ပန်းကန်ထဲတွင် အဆင်သင့်။ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက် ကာ သမီး ပြောမည်ကိုသာ စောင့်နေလိုက်သည်။
“အေးရိပ်က ခုမှ ကျောင်းပြောင်းလာတာ မေမေ FIRST SEM ကလည်း နောက်တစ်ပတ်ထဲဆိုတော့ အနီးကပ် စာရှင်းပြလို့ရအောင်”
သူ့ကို ရှင်းပြနေသည့် သမီးကို ရကြောင်း ခေါင်းငြိမ့်ပြလိုက်ကာ အေးရိပ်ကို သူ အကဲခတ် လိုက်မိသည်။ သူ့ကို စူးစိုက်ကာ ပြန်ကြည့်နေသည့် မျက်ဝန်းတောက်တောက်တို့တွင် ဖော်ရွေမှု ရှိမနေတာတော့ သေချာပါသည်။
“သမီးက ဘယ်က ပြောင်းလာတာလဲ”
“ဆွစ်ဇာလန်ကတဲ့မေမေ”
အေးရိပ်ကို မေးသော်လည်း မေပိုးဥက ဝင်ဖြေလိုက်သည်။
ဆွစ်ဇာလန် ဟူသော အဖြေနှင့်အတူ ဒေါ်ငြိမ်းမေ နားထဲ ပြန်တိုးဝင်လာသည့်
‘ကလေးလေးက မငိုတတ်ဘူးနော်’
ဟူသည့် အသံသေးသေးလေး…
နောက် ၈ နှစ်အရွယ် ကပြားမလေး။
အေးရိပ်ဆီ ချက်ချင်း ရောက်လာသည့် မျက်ဝန်းတို့တွင် ထိန်းချုပ်ထားသည့် အရာသည် ကြောက်လန့်မှု ဖြစ်သည်။ ထိုအရာကပဲ အေးရိပ်၏ အရသာ အရှိဆုံး ညစာ ဖြစ်သည်။
နောက်ပြီး သူ့ မျက်ဝန်းထဲမှ မေးခွန်းကို အေးရိပ်သိသည်။ စကားလုံးကို နှုတ်ဖြင့် စီစရာမလိုပါပဲ အပြုအမူဖြင့်သာ အေးရိပ် ခေါင်းကို တစ်ချက်ငြိမ့်ပြလိုက်သည်။
ခွမ်းကနဲ ကျကွဲသွားသော ရေခွက်လေးသည် ကြမ်းပြင်ပေါ်မှာ။
မဖြစ်နိုင်င်ပါဘူးလို့ တွေးပေမယ့်..လွန်ခဲ့တဲ့ နှစ် ၂၀ က ဆေးရုံမှာ တွေ့ခဲ့တဲ့ အဲ့ကလေး..။
“အဲ မေမေ နေ မေပိုး သိမ်းလိုက်မယ်”
သာမန်အချိန်ဆိုလျှင် သမီးထိမယ် နေနေ လို့ ပြောပြီး ကိုယ့်ဘာသာ သိမ်းလိုက်မှာ ဖြစ်သော်လည်း စိတ်နှင့်လူနှင့် ကပ်မနေ။
ဒါကို သဘောပေါက်သော အေးရိပ်ကလည်း လက်ညိုးကို နှုတ်ခမ်းတွင် ကပ်လိုက်ကာ သိုသိုသိပ်သိပ်နေရန် သူ့ကို သတိပေးသည်။
မေပိုးရှိနေသဖြင့် မနည်းထိန်းချု်ပကာ ထမင်းစားနေရသော်လည်း ဘာအရသာကိုမှ သူ့ လျှာက မခံစားနိုင်တော့။ လုံအောင် ပုန်းခဲ့ပါသော်လည်း ဒီထက်ပိုပြီး သူ မပြေးနိုင်တော့။
နှစ် ၂၀ စာ ကြိုးစားအားထုတ်မှုသည် ယခုတော့ အလကားသာ ဖြစ်သည်။
“ဘာဖြစ်လို့လဲ မေမေ နေမကောင်းလို့လား”
သူ့ အမေ အစားနည်းသည်ကို ကြည့်၍ ဂရုတစိုက်မေးနေသော မေပိုးဥကို ကြည့်ကာ အေးရိပ် ပိုလို့တောင် စိတ်မကောင်းဖြစ်လာသည်။
ကိုယ်တိုင်လည်း နွေးထွေးမှုရပြီး သူများကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာလည်း မေပိုးဥသည် ကောင်းကောင်းသိနေသည် မဟုတ်လား။
“ကောင်းပါတယ်”
စိတ်ထဲ ဘယ်လိုမှ အဆင်မပြေသော်လည်း သမီးဆီကနေတော့ အမှန်တရားကို သူ အတတ်နိုင်ဆုံး ဖွက်ထားချင်သေးသည်မို့ အရသာမရှိသော်လည်း ခပ်သွက်သွက်ကလေး အမြန်ကုန်အောင် စားပစ် လိုက်သည်။
“မေပိုးရေ ပန်းကန် မဆေးနဲ့တော့ မေမေ့ကို ဒီဆေးလေး သွားဝယ်ပေး”
မေမေပေးသည့် စာရွက်အပိုင်းလေးကို ယူကာ ကြည့်မိတော့ လွန်ခဲ့သည့် သုံးရက်ကမှ မေပိုးဥ ဝယ်ပေးထားသည့် ဆေးတွေ။
“မေပိုး ဝယ်ပေးထားတာ မကြာသေးဘူးလေ”
တကယ်ကို စေ့စပ်လွန်းသည့် ကလေးမို့ လွယ်လွယ် ဖယ်ထုတ်လို့ မရဘူးဆိုတာ ဒေါ်ငြိမ်းမေ သိပြီးသား။ ထို့ကြောင့် သူ အဆင်သင့် ပြင်ထားသည့် ဆင်ခြေကို ထုတ်သုံးလိုက်ရုံသာ။
“ဟုတ်တယ် ဆေးကဒ်က မေမေရုံးမှာ မေ့နေခဲ့တာ ဆေးသောက်ချိန်လည်း နီးနေတော့”
“မေပိုး အခုပဲသွားလိုက်မယ်”
ဆေးသောက်ချိန် ကျော်မှာကို မေပိုးဥ အကြောက်ဆုံးဖြစ်သည်။ ဆေးရုံကို ဘယ်လိုမှ ခေါ်မရသောကြောင့် ရပ်ကွက်ဆေးခန်းက ဆရာဝန်ပေးသည့် ဆေးညွှန်း အတိုင်း တစ်သွေမသိမ်း တိုက်သည်။ တစ်မိနစ်လေးမှ အလွဲမခံ။
သို့သော်လည်း သူ့အမေ၏ ချောင်းဆိုးရောဂါသည် နည်းနည်းမှ မသက်သာလာ။
ပိုက်ဆံအိတ် ဆွဲကာ တံခါးဝရောက်နေပြီးမှ အေးရိပ်အား သတိရကာ
“အေးရိပ် နင် ဘာစားဦးမလဲ”
စားချင်တာ မရှိကြောင်း အေးရိပ် ခေါင်းခါလျက် အဖြေပေးလိုက်သည်။
“အော် မေ့လို့ သမီးရေ မေမေ့ဆေးတွေက ဒီနားက ဆိုင်မှာ မရဘူးနော် မေမေ ညနေက ဝင်မေးခဲ့တယ်”
“အဲ့တာဆို ရှေ့နှစ်မှတ်တိုင်က ဆိုင်မှာ မေပိုး မေးကြည့်လိုက်မယ် မေမေ”
မေပိုးဥ ထွက်သွားသည်နှင့် အေးရိပ်သည် ဆိုဖာတွင် ခြေထောက်ချိတ်ကာ ဝင်ထိုင်လိုက်သည်။
ဒေါ်ငြိမ်းမေသည် အေးရိပ်ထိုင်နေသည့် ဘေးက တစ်ယောက်ထိုင် ဆိုဖာတွင် ဝင်ထိုင်လိုက်ကာ ခပ်ဝေးဝေးသို့ ကြည့်နေသည်။
သူ့မျက်လုံးတွေသည် ရှေ့ကို ကြည့်နေသည်ဆိုတာထက် ပစ္စုပ္ပန်ကနေ ထွက်ပြေးနေသည်ဆို ပိုမှန်မလား မပြောတတ်။
“အဟွတ်.. အဟွတ်”
လက်ကိုင်ပဝါတွင် စိုစွတ်သွားသည့် အနီရောင် အချို့ကို ကြည့်ပြီး အေးရိပ် သက်ပြင်းချလိုက်သည်။
“ဒီလို အခြေအနေဖြစ်တဲ့ထိ
ဆေးရုံမတက်ပဲ ပေတေပြီး
ခေါင်းမာနေခဲ့တာလား”
“ငါသာ ဆေးရုံတက်လိုက်ရင်
နှစ် ၂၀ ဆိုတဲ့ ရှည်ကြာတဲ့အချိန်ကို
ဆွဲဆန့်နိုင်လိုက်မှာ မဟုတ်ဘူး
အနံ့ခံကောင်းတဲ့ အမဲလိုက်ခွေးတွေလိုမျိုးလေ
မင်းတို့က”
ပြန်ဖြေသည့် လူမမာ၏ စကားသည် အေးရိပ်နားထဲတွင် ခါးသက်စရာကောင်းနေတာတော့ သေချာသည်။ဒါပေမယ့် မှားနေတာမျိုးတော့လည်း မဟုတ်။ ဆေးရုံလူနာစာရင်းကို ကြည့်လိုက်လျှင် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်တာတော့ သေချာသည်။
“အဲ့လောက်တောင် ကြောက်တာလား
မေပိုးဥကို ရှာတွေ့သွားမှာကိုလေ
အဲ့လောက်တောင် ကြောက်တာမလို့
မြေကြွက်လိုမျိုး
ဟိုအတွင်းဆုံးထိ ပုန်းအောင်းနေခဲ့တာလား”
“မင်းမှန်းကြည့်လေ
အကြောက်တရားဖြစ်မလား
ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိ ဖြစ်မလား ဆိုတာ”
အားအင်ချိနဲ့နေသော်လည်း တောက်ပဲနေဆဲ ဖြစ်သည့် မျက်ဝန်းတွေဖြင့် အေးရိပ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူ့မာန်တက်မှုသည်လည်း အေးရိပ်အတွက်တော့ လက်ခံပေးနိုင်သည်။
တကယ် စရှာသည့် အချိန်ကနေ မေပိုးဥကို တွေ့သည့်အချိန်ထိ သူတို့ အချိန် ၆ လခန့် ကုန်ခဲ့ရသည်။ ဒါသည် သူတို့အတွက် အရှည်ကြာဆုံးသော ရှာဖွေမှု ဖြစ်သည်။
ပုံမှန်ဆိုလျှင် လူတစ်ယောက်ကို ရှာတွေ့ဖို့ ကြာချိန်သည် နှစ်ပတ်ကနေ အများဆုံး လေးပတ်အထိသာဖြစ်သည်။
“မပြောတတ်ဘူးပဲ
ကာကွယ်နိုင်တဲ့ အစွမ်းရှိတာလား
ဒါမှမဟုတ်
အဘွားက မလိုအပ်သေးလို့
ခဏတာ လျစ်လျူရှုထားတာ ဖြစ်မလား
ဘယ်ဟာက ပိုပြီး ယုတ္တိကျမယ်လို့ထင်လဲ”
အေးရိပ်ပြောတာလည်း မှန်သည်။ အဘွားသာ မေပိုးဥကို လိုချင်လျှင် ဘယ်လောက်ပဲ ပုန်းပုန်း လုံမှာ မဟုတ်တာသေချာသည်။
“ကတိအတိုင်း အမွှာတစ်ယောက်ကို
ပေးလိုက်ပြီးပြီပဲ
ဒီကလေးရဲ့ ဘဝကို ထပ်ပြီး
စွက်ဖက်ဖို့ မကြိုးစားနဲ့တော့”
ဒီစကားတွေ သူသာ ကြားရရင် ဘယ်လောက်တောင် ရင်နာလိုက်မလဲ.. ဘာမှမဆိုင်တဲ့ အေးရိပ်တောင် ဒီလိုစကားကို ခံနိုင်ရည်မရှိတာ.. ဒါပေမယ့် မုန်းစရာပဲ မေပိုးဥကို မုန်းလိုက်ဖို့လည်း မတတ်နိုင်စွမ်းအောင် အဖြူရောင်ခြယ်လွန်းနေတယ်..အဲ့ကလေးက။
စကားတစ်ခွန်း.. ကလေးအတွက် ပူပန်နေတဲ့ မိခင်ရဲ့ နှလုံးသားတစ်ခုလုံးပါတဲ့ အဲ့စကားတစ်ခွန်း ကြောင့် အလိုလို စီးကျလာသည့် အေးရိပ်၏ မျက်ရည်တွေ။
အပစ်ပယ်ခံလိုက်ရတဲ့ တစ်စုံတစ်ယောက်အတွက် ရင်ထဲကလာတဲ့ စာနာမှုလို့ ပြောရင်လည်း မမှားနိုင်တဲ့ အဲ့ဒီမျက်ရည်တွေ။
“ဘာဖြစ်လို့.. မေပိုးဥမှ ဖြစ်ရတာလဲ…
အဲ့ကလေး.. နှင်းပိုးအိမ်ကရော
ကျန်နေခဲ့ဖို့ မထိုက်တန်ဘူးလား
ဘာဖြစ်လို့ တစ်ချိန်ထဲ မွေးတဲ့
အမွှာချင်းအတူတူကို
နှင်းပိုးအိမ်ကို ခေါ်သွားဖို့ ခွင့်ပြုလိုက်ရတာလဲ”
ဆို့နင့်နေသည့် ဝမ်းနည်းမှုတွေကြောင့် သိချင်သည့် မေးခွန်းမေးထွက်ဖို့တောင် အေးရိပ်ခမျာ အနိုင်နိုင် ဖြစ်နေရှာသည်။
“အဲ့ကလေးကိုတော့ ခက်ခဲတဲ့ ဘဝပေးခဲ့ပြီး
ဘာဖြစ်လို့များ
အဆင်ပြေရဲ့လား မဟုတ်ဘူး
အသက်ရှိသေးရဲ့လားလို့တောင် တစ်ခွန်းမမေးပဲ …
မေပိုးဥဘဝထဲ မစွက်ဖက်ဖို့
တားမြစ်နိုင်ရတာလဲ
မေပိုးဥနဲ့ တစ်ဝမ်းထဲက ထွက်လာတဲ့
နှင်းပိုးအိမ် အဲ့ကလေးကရော
သာမန်ဘဝမှာ နေထိုင်ဖို့ အခွင့်မရှိဘူးလား”
ဘာဖြစ်လို့များ နှင်းပိုးကို သူတို့ အဲ့လောက်ထိ လျစ်လျူရှုရက်နိုင်ရတာလဲ..။ ရွေးချယ်မှု မလုပ်နိုင်သေးတဲ့ ရင်ခွင်ပိုက်အရွယ်ကလေးကို အဝေးပို့ပြီးတာတောင် ဘာလို့ တစ်ခွန်းမမေး နေနိုင်ရတာလဲ။
“ဝင်သက်တစ်ချက်ရှိုက်တိုင်း ဘယ်က
ကျည်ဆန်ခေါင်းထဲ ဝင်လာမလဲဆိုတဲ့
သတိနဲ့ ကျော်ဖြတ်ရတဲ့ ညတွေမှာ
မေပိုးဥကတော့
အမေ့ရဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့
အိပ်မက်တွေ လှနေခဲ့မယ်လို့
စဉ်းစားမိလိုက်တိုင်း အဲ့ကလေး..
နှင်းပိုးအိမ်အတွက် ပိုဝမ်းနည်းရတယ်”
တကယ့်ကို ရင်ထဲက လာသည့် ဝမ်းနည်းမှုသည် အေးရိပ် မျက်နှာမှာ ထင်ဟပ်နေသည်မို့ သူလည်း မျက်ရည်တွေနှင့်သာ အေးရိပ်ကို ကြည့်နေမိသည်။
ဟုတ်တာပေါ့ မရည်ရွယ်ပေမယ့် ရက်စက်ခဲ့မိတာ ပါပဲ။ ကာကွယ်ဖို့ မစွမ်းနိုင်ခဲ့လို့ပါဆိုတာဟာ တကယ်တော့ ဆင်ခြေတွေသက်သက်ပါပဲ။
နှစ်ယောက်လုံးကို ဆုံးရှုံးမယ့်အစား တစ်ယောက်ကိုတော့ သေချာပေါက် ရအောင် ကာကွယ်ဖို့ ကြွေရုပ်(မေပိုးဥ အမေရင်း)ကို ကတိပေးထားတာမလို့ မုန်းနေရင်တောင် ခွင့်လွှတ်ဖို့ မတောင်းပန်တော့ဘူး။
“အရမ်းမုန်းနေမှာပေါ့ အဲ့ကလေး”
အေးရိပ်ကို မေးလာသည့် ထိုမေးခွန်းသည် ကျနေသည့် မျက်ရည်တွေကြားမှ ဟက်ကနဲ ရယ်သံ တစ်ချက် ထွက်လာစေသည်အထိ ဟာသဆန်လွန်းသည်။
“ဒီနေရာမှာ ရှိနေတဲ့ အကြောင်းအရင်းက မေပိုးဥကို ခေါ်သွားဖို့အတွက်လို့ ထင်နေတာလား”
ခပ်ရေးရေးလေးဖြတ်ပြေးသွားသည့် အံ့ဩမှုတို့ကို မျက်ဝန်းအိုတွေထဲမှ အေးရိပ် အမိအရ ဖမ်းမိလိုက်သည်။
“တောင်းဆိုခဲ့တာ.. နှင်းပိုးအိမ် အဲ့ကလေးက မေပိုးဥကို ကာကွယ်ပေးဖို့”
တံခါးဝတွင် ရပ်တန့်နေသော ခြေထောက်လေးတစ်စုံရှိလိုက်သည်ဆိုတာ အေးရိပ်ရော.. ဒေါ်ငြိမ်းမေပါ မသိလိုက်။ နှစ်၂၀ လုံး အတွင်းဆုံးတွင် သိမ်းဆည်းထားသော လျှို့ဝှက်ချက်သည် ခြားထားသော တံခါးတစ်ချပ်နောက်သို့ ယိုဖိတ်သွားခဲ့လေပြီ။
---------------------------
ပြောရမှာ အားနာပေမယ့် ဒီ fic ကို ရေးရင်းက တကယ်ပဲ ဖျက်ချချင်လာပါတယ်
ဖတ်တဲ့သူတွေတော့ ဘယ်လိုနေလဲ မသိပေမယ့် ရေးရင်း ရေးရင်းက ကိုယ့် မပြည့်စုံမှုကိုယ် တော်တော်လေး စိတ်ပျက်လာလို့ပါ။
ဒီအပိုင်းလည်း တင်ရမလား မတင်ရမလား စဥ်းစားရင်း ကြာသွားတာပါ။
ဘာမှ အသိမပေးပဲလည်း ဖျက်လိုက်တာမျိုး မလုပ်ချင်လို့ပါ။
ဖတ်ပေးတဲ့ တစ်ယောက်ဆီတိုင်းကို တကယ် ကျေးဇူးတင်ပါတယ်❣
You are reading the story above: TeenFic.Net