Part 23

Background color
Font
Font size
Line height

နူးနူးညံ့ညံ့ ဖိကပ်ထားသည့် နှုတ်ခမ်းပါးပါးသည် ပိုတိုးလို့ နစ်ဝင်နေခဲ့သည်။ ခပ်ဖြေးဖြေးကလေး ဖြေလျော့ချထားသည့် လက်ဖောင်းဖောင်းလေးများ၏ အေးစက်မှုသည် ပိုမို သည်းထန်လာခဲ့သည်။

ခေါင်းအနောက်မှ ထိန်းကိုင်ထားသည့် သွယ်လျလျ လက်ချောင်းတွေသည် ဆံသားနက်နက်တွေထဲ တိုးဖွလို့ သူ့နှုတ်ခမ်းနှင့် ပိုပြီး စည်းချက်ကျစေသည်။

အားပြင်းလွန်းသည့် ညှို့ငင်အား..
အဲ့လိုမျိုးတွေ မရှိဘူး။

ငါကိုယ်က ဒီတိုင်း.. မမဆိုတာနဲ့ အလိုလို ဆွဲငင်ခံရပြီးသား ဖြစ်နေတာ။

ခပ်ဖွဖွနှင့် ဖြေးဖြေးချင်း ရပ်တန့်လိုက်ပြီး ပြန်ဖယ်ခွာလိုက်သည်နှင့် ချမ်း မက်မက်မောမော နစ်ဝင်ခဲ့ သော နှုတ်ခမ်းပါးကလေးသည် မျက်စိရှေ့တွင် ရှိနေသည်။

နောက်တစ်ကြိမ် ပြန်ပြီး ထို နီစွေးစွေး နှုတ်ခမ်းရဲကလေး၏ အရသာကို မြည်းစမ်းချင်မိသည်အထိ ချမ်း မလွှတ်ချင်ဖြစ်နေသည်။

ရှည်ကော့ကော့ မျက်တောင် ဖျားကလေးများသည် စိုစွတ်နေတုန်း၊ နှာဖျားကလေးသည် နီရဲနေတုန်း ဖြစ်သည်။

မေပိုးဥကို ကြည့်နေရင်းမှ မြင်လွှာမှာပေါ်လာသည့် သွေးအိုင်ထဲ လဲနေသည့် မမ၏ ပုံရိပ်။ နီရဲနေသည့် သွေးတွေနှင့် နောက်ဆုံးအချိန်ထိ ချမ်းကိုပဲ ကြည့်သွားခဲ့သည့် မမ၏ ပုံရိပ်သည် ဒီနှစ်နှစ်လုံး ချမ်း အတွက် အိပ်မက်ဆိုးဖြစ်ခဲ့သည်။

တဆစ်ဆစ် ထိုးကိုက်လာသည့် ခေါင်းကို ဖိကိုင်ကာ ထိုင်ချလျက် မျက်စိထဲက ဖျောက်မရသည့် ပုံရိပ်ကြောင့်

“အား!!”

ဆံသားတွေကို ဆုပ်ချေကာ ခေါင်းကို ခပ်နာနာလေး ဖိထားလိုက်မိသည်။ မွန်းကျပ်လာသည့် ခံစားမှုသည် ချမ်း၏ အသက်ရှုခြင်း ဖြစ်စဉ်ကိုပါ ဒုက္ခပေးနေသည်။

ဒူးထောက်ချလျက် သူ့ လက်ချောင်းတွေပေါ်မှ ညင်ညင်သာသာ အုပ်ကိုင်ကာ

“မမ ရရဲ့လား”

ချမ်းပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လို့ ပူပန်နေသည့် မျက်ဝန်းလေးသည် ချမ်း အကြည့်တွေထဲမှ အဆင်ပြေကြောင်း တစ်စုံတစ်ရာကို ရှာဖွေနေပုံရသည်။

မဖြစ်ဘူး..ကလေးက ငါ့စိတ်ကို ဖတ်တတ်သွားလို့ မရဘူး။ ဒဏ်ရာနက်နက်တွေအကြောင်း သိသွားရင် .. ငါက အဲ့လိုလူမျိုးဆိုတာ သိသွားရင်.. ကလေးက ထွက်သွားလိမ့်မယ်။

ဘယ်ညာ လှုပ်ခတ်နေသော မျက်ဆံနက်နက်ကလေးကို မေပိုးဥ အမိ မဖမ်းနိုင်။ ဒီလို ဖြူဖျော့နေတဲ့ မျက်နှာ၊ ဒီလို တုန်ယင်နေတဲ့ ပုံက အဲ့နေ့က အတိုင်းပဲ..။

နေခြည်နှင်းထက် ချမ်း အိမ်ကို ပထမဆုံး သွားသည့် နေ့ကို မေပိုးဥ ပြန်မှတ်မိသွားသည်။အဲ့တုန်းကလည်း မမက ဒီလိုပဲ ကြေမွသွားတော့မယ့် အတိုင်း နာကျင်နေခဲ့တ

“ဒီကို ကြည့်ပါအုံး”

ညင်သာလွန်းတာမလို့.. အရမ်း နူးညံ့လွန်းတာမလို့ ကြောက်မိတယ်.. ဒီကလေးပါ ငါ့ကြောင့် အနာတရ ဖြစ်သွားမှာကို။

ခေါ်နေသော်လည်း .. မေပိုးကို တစ်ချက်လေးမှ မော့ကြည့်မလာသည့် မမ။

ရုတ်တရက် ရင်ခွင်သေးသေးလေးထဲ ဆွဲသွင်းခံလိုက်ရခြင်းနှင့်အတူ ချိုမြမြ မွှေးရနံ့လေး တစ်ခုသည် ချမ်း နှာဖျားဝသို့ တိုးဝင်နေသည်။

ရင်ခွင်ငယ်လေးကပဲ လုံခြုံလွန်းသလား
သို့မဟုတ် ထိုကလေးငယ်၏ ကိုယ်သင်းရနံ့ကပဲ မွှေးမြလွန်းသလား..

ကြောက်ရွံ့နေသည့် စိတ်အသေတွေ အနည်ထိုင်လျက် ခဏလေးအတွင်း ငြိမ်ကျသွားသည်ကို ချမ်း ခံစားမိလိုက်သည်။

ချမ်း၏ ခေါင်းကို ခပ်ဖွဖွကလေး ပွတ်သပ်လို့

“အဆင်ပြေပါတယ်.. မမနဲ့တူတူ ရှိနေတာမလို့ ထင်သလောက် မကြောက်တော့ပါဘူး”

တကယ်တော့ ညာလိုက်တာ..
ကြောက်တယ်..
ငါ့ကြောင့် မမ ထိခိုက်မှာကိုလည်း ကြောက်တယ်။

ငါ့ကြောင့် မမရဲ့ ခြေလှမ်းတွေ မှားသွားမှာကိုလည်း ကြောက်တယ်။

နောက်ပြီး မမရဲ့ အတိတ်ဆိုးထဲက ငါ ဆွဲမထုတ်ပေးနိုင်မှာကို ပိုကြောက်တယ်။

“အခုကစပြီး မမ မျက်စိရှေ့မှာပဲ
ရပ်နေတော့မှာမလို့
အဆင်သင့် ဖြစ်တဲ့အချိန်ကျရင်
သေချာမြင်အောင် ကြည့်ပေးပါ..
ညီမ တစ်ယောက်ထဲကိုပဲ..”

ချမ်းရဲ့ မျက်လုံးအိမ်တို့ ပြူးကျယ်ဝိုင်းစက်သည်အထိ ထိုစကားသည် မှော်ဆန်လွန်းသည်။

မေပိုးဥ ဆိုသည့် မိန်းကလေးထံတွင်ပဲ တစ်ဘဝစာ အပ်နှင်းချင်သည်အထိ ပြုစားနိုင်စွမ်းလွန်းသည်။

“ဟုတ်လား..”

ချမ်းရဲ့ အဖြေကို မကြားရလို့ ထပ်မေးသည့် မေးခွန်း။

အင်းလို့ဖြေရမည့်အစား ခါးသေးသေးလေးကိုပဲ တင်းနေအောင် နှောင်တွယ် ရစ်ပတ်မိလိုက်တာ သေချာပါသည်။

“ဒီလောက် ကော်ဖီဆိုင် အကြီးကြီး ဖွင့်ပြီး CCTV တစ်လုံးလုံး ပျက်နေတာ‌တောင် ခင်ဗျား မသိဘူးလား!!”

“ကျွန်တော်တို့လည်း ဆိုင်မှာ လူကျ..”

ကိုယ့်ဝန်ထမ်းအမှားမို့သာ ခေါင်းငုံနေရသည် ပက်ကနဲ ပြန်ပြောချင်လွန်းသည့် ပါးစပ်သည် ယားနေပြီ ဖြစ်သည်။

ဘယ်နှယ့်.. လေးလုံးမှာ သုံးလုံးကောင်းတယ်လေ.. ကောင်းတဲ့ သုံးလုံးရဲ့ record ကိုလည်း စိတ်ကြိုက် မွှေနှောက်ပြီးသွားပြီလေ..အဝင်ဝက တစ်လုံးပျက်နေတာကို သောင်းကျန်းနေတာ နာရီဝက်လောက်။

ဆိုင်မှာ လာသောင်းကျန်းနေမယ့်အစား ထင်တဲ့ လမ်းနောက်  လိုက်သွားလျှင်တောင် တရားခံကို မိနိုင်သေးသည် မဟုတ်လား။

ဉာဏ်ကောင်းသလိုလိုနဲ့ စုံထောက်ပဲဟု မှတ်ချက်ပေးလိုက်သည်။
(စုံထောက်=သောက်ထုံ)

အားရအောင် စိတ်တိုင်းကျ ဆိုင်မန်နေဂျာကို ပေါက်ကွဲပြီးမှ အေးရိပ် ဆိုင်ထဲက ပြန်ထွက်လာခဲ့သည်။ တကယ်တော့ ခြေတံရှည်ရှည်နှင့် အဖြူရောင် ရှူးဖိနပ်ကို မြင်လိုက်ပြီးကတည်းက မည်သူဆိုတာ သူ တန်းသိသည်။

သူ တကူးတက သွားရှာစရာမလိုပဲ ထိုသူက သူ့ဆီကို လာမှာ သိနှင့်ပြီးသားမို့ ဆိုင်မန်နေဂျာဆီ ဒေါသဖြေရင်း အချိန်ဖြုန်းနေမိတာ။

အေးရိပ်ပြန်ထွက်လာသည့် အချိန်တွင် ရန်ကုန်၏ ကားလမ်းမသည် မီးရောင်တွေနှင့် ပြည့်နေပြီဖြစ် သည်။ တစ်လှမ်းချင်း လှမ်းရင်းက ဘေးမှာ ပါလာနေကျ ခြေလှမ်းသေးသေးလေးကို လွမ်းမိလာသည်။

“ဘယ်လောက်လဲ လင်းထင်းနေပါစေ.. နင်မရှိတဲ့ နေရာက ငါ့အတွက်တော့ အမှောင်ပဲ”

စကားလုံးတွေက အစ အလွတ်ရသည်အထိ သူ့ကို အနက်ရှိုင်းဆုံးမှာ သိမ်းဆည်းခဲ့မိလေသလား အေးရိပ်မပြောတတ်။ သေချာတာတော့ အတိတ်တွေပဲ။

အတိတ်က အတိတ်ပါပဲလေ..
တစ်ဘဝစာ သိမ်းဆည်းထားရတော့မယ့်
အတိတ်တွေပါပဲ…။

သေချာချုပ်နှောင်ထားနိုင်သည် ထင်သော်လည်း အေးရိပ်၏ စိတ်သည် မကြာခဏ အတိတ်သို့ ထွက်ပြေးနေတုန်းပင်။

အခုလည်းကြည့်.. အိမ်ပြန်ရင်းက ဘယ်ဆီကိုမှန်းမသိ ရောက်လာမိပြန်ပြီ။ ရှေ့တွင် ကန့်လန့် ပိတ်ထားသည့် ခပ်မြင့်မြင့် တံတိုင်းတစ်ခုသာ ရှိပြီး အေးရိပ် ဆက်လျှောက်စရာ လမ်းမရှိတော့။

အတိတ်ဆီ စိတ်လွတ်သွားတိုင်း ဒီလိုပဲ..
ဆက်လျှောက်လှမ်းလို့ မရတဲ့ လမ်းပိတ်တွေဆီ ရောက်သွားနေကြပဲ..
ပြန်လှည့်ရုံပဲ ရှိတာပေါ့..
ဆက်သွားလို့မှ မရတော့တာ..။

ခါးတွင် ပတ်ထားသည့် ခါးပတ်ကို ညင်ညင်သာသာ ဆွဲထုတ်ကာ အေးရိပ် ရှိရာဆီ တဟုတ်ထိုး ပြေးဝင်လာသည့် တိတ်ဆိတ်ခြင်း တစ်ခု။

တံတိုင်းနှင့် သုံးလှမ်းအကွာတွင် ရှိနေသည်က အေးရိပ်အတွက် ဘုရားသခင်၏ မျက်နှာသာပေးမှု တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။

မြေပြင်မှ သုံးလမ်းဆိုသော အကွာအဝေးကို အခွင့်ကောင်းယူကာ တံတိုင်းပေါ်သို့ ခြေဖြင့်နှစ်လမ်း ကန်တက်လိုက်သည့် အချိန်တွင် နောက်ကျော ဖက်မှ တစ်ဟုန်ထိုးဝင်လာသည့် ဓားထိပ်သည် နံရံတွင် ခြစ်ရာ ထင်စေနေပြီဖြစ်သည်။ အေးရိပ်သာ မမြန်လျှင် ပြတ်ထွက်သွားသော ဆံစ အချို့နေရာတွင် လည်တိုင်ကျော့ကျော့ ဖြစ်နေမှာ သေချာသည်။

ပြတ်ထွက်သွားသည့် ဆံစအချို့ မြေပြင်နှင့် ထိတွေ့တွေ့ချင်းပင် ဓားကိုင်ထားသည့် လက်ကောက်ဝတ်ကို လက်ဝါးစောင်းဖြင့် တစ်ချက်ရိုက်လျက် လက်ချောင်းရှည်များဖြင့် ပင့်တင်ကာ ယှက်လိမ်လိုက်ပြီး ကိုယ်ကို တစ်ပတ်လှည့်လျက် မြေပေါ်ပြန်ရောက်သည့် အချိန်တွင် ဓားသည် ထိုသူ၏ လည်ပင်းအား ချိန်ရွယ်ထားပြီး ဖြစ်သည်။ ဓားကိုင်ထားသော သူ့လက်တွေသည် အေးရိပ်၏ ထိန်းချုပ်ခံသက်သက်သာဖြစ်သည်။

(Note; နံရံကို ပြေးတက်၊ ကျွမ်းတစ်ပတ်ထိုး၊ နောက်က ဝင်လာတဲ့လူရဲ့ လက်ကို လိမ်ပြီး သူ့ဓားနဲ့ သူ့ လည်ပင်းကို ပြန်ထောက် လိုက်တာ။ ဖတ်ရတာ မရှင်းမှာစိုးလို့)

“အစောင့်ခွေးဆိုတဲ့ ဂုဏ်က အလကားရထားတာ မဟုတ်ဘူးပဲ”

ခနဲ့သည့် အသံလည်း ဟုတ်သည်။ ချီးမွမ်းသည့် အသံလည်း ဟုတ်သည်။ သူ့ကို အေးရိပ် မသတ်ဘူး ဆိုသည့် သေချာမှု တစ်ခုရှိနေ၍ မတုန်လှုပ်တာလည်း ဖြစ်နိုင်သည်။

ပခုံးမှာ ကျော်ကာ သူ့လက်ကို ချုပ်လျက် သူ့ဓားနဲ့ သူ့လည်ပင်းကို ပြန်ထောက်ထားသူသည် သူ့ အစ်မ အရင်း အေးရိပ်ဖြစ်သည်။

“အစ်မကို ဒီလိုပဲ နှုတ်ဆက်ရမယ်လို့ နင့်သခင်က သင်ထားတာလား”

ချုပ်ထားသည့် အေးရိပ်၏ လက်အား ဆွဲချကာ ကိုင်ပေါက်လျက်

“ငါ နင့်လိုမျိုး
ဘယ်သူ့ရဲ့ အစောင့်ခွေးမှ မဟုတ်ဘူး !!”

ကိုင်ပေါက်ခံလိုက်ရသဖြင့် မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားသော်လည်း အေးရိပ်၏ လက်သည် ဓားကိုင်ထားသည့် သူ့လက်တွေအား ချုပ်ထားဆဲပင်။

ဒေါသကြောင့် အရောင်လဲ့နေသည့် မျက်လုံးများသည် အေးရိပ်ကို ထွင်းဖောက်မတတ် စူးစူးရဲရဲ စိုက်ကြည့်နေသည်။

“ကျားကို သတ်ချင်ရင် ကျားဂူထဲ အရင်ဝင်ရမယ်ဆိုတဲ့ သဘောတရားကို မသင်ခဲ့ရဘူးလား”

အေးရိပ်၏ ထိုမေးခွန်းသည် မီးကို ရေဖြင့် ငြိမ်းလိုက်သည့်နှယ် ဟုတ်ကနဲ ငြိမ်ကျသွားစေသည်။

“ငါက နင်ကိုယ်တိုင်
နင့်ကိုယ်နင် ကျားလို့ ထင်သွားပြီ ထင်နေတာ
အရမ်းကို အတည်ကြီးတွေ လုပ်လွန်းနေတော့..”

ပြန်ဖြေစရာ စကားလုံးတွေ မရှိတာမို့ ချုပ်ထားသည့် လက်ကိုသာ ဖြေလျော့ပေးလိုက်သည်။

“အခု မဟုတ်လည်း
နောက်ယူရမယ့် အသက် တစ်ချောင်းပဲ
ဘာလို့အဲ့လောက်ထိ..
သစ္စာရှိတဲ့ အစောင့်ခွေးလိုမျိုး..”

ပြောရင်းက လျှံတက်လာသည့် မျက်ရည်တွေ.. နေပါအုံး.. အခု သူ့မောင်လေးက သူ့ မျက်စိရှေ့မှာ ငိုနေတာလား.. အဖေနဲ့အမေ သေတုန်းကတောင် မငိုခဲ့တဲ့ကလေးက။

မျက်ရည်သုတ်ပေးမလို့ လက်လှမ်းလိုက်ပေမယ့် နောက်ဆုတ်သွားသည့် ခြေလှမ်းတွေ။

“ငါကြောက်မိတယ်..
နင်က အကုန်လုံးကို မေ့လျော့ပစ်လိုက်ပြီး
သူတို့နဲ့ တစ်သားထဲ
သူတို့လူ ဖြစ်သွားမှာကို..
ငါတစ်ယောက်ထဲပဲ အကုန်လုံး မှတ်မိနေရမှာကို
ငါကြောက်တယ် ‘Ella’”

(Ella – name of Sweden for AyeYeik)

Ellen ရဲ့ နဖူးနှင့် သူ့နဖူးကို ခပ်ဖွဖွလေး တိုက်လျက်

“နင်တစ်ယောက်ထဲ မှတ်မိဖို့ ငါဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး ‘Ellen’”

“ဒါပေမယ့် နင် အရမ်းကာကွယ်ပေးလွန်းနေတယ်”

Ellen ထိုသို့ ပြောမှ သူ တကယ်လုပ်ရမည့် ကိစ္စကို အေးရိပ်သတိရသည်။ သတိရသည် ဆိုတာထက် သူ စိတ်တိုနေသည့် အကြောင်းအရာကို ပြန်မှတ်မိသည်ဆို ပိုမှန်လောက်မည်။

ထိကပ်ထားသည့် နဖူးကို ခွာလိုက်ကာ မေးဖျားကနေ ဖွဖွ ပင့်တင်လို့

“သတ်ချင်ရင် သတ်ပစ်လိုက်
ဒါပေမယ့်
မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အမာရွတ် မချန်ခဲ့မိစေနဲ့…
ငါအဲ့လိုမျိုးကို အမုန်းဆုံးဆိုတာ သိတယ်မလား”

သူ့ မေးဖျားကို ကိုင်ထားသည့် အေးရိပ်၏ လက်အား ခပ်ဆတ်ဆတ် ပုပ်ထုတ်ကာ

“သူ တန်ဖိုးထားတဲ့ အရာတွေကို နင် အဲ့လောက်ထိ ဂရုစိုက်မှ ဖြစ်မှာလား”

ထိုမေးခွန်းကြောင့် ချက်ချင်း စူးရှသွားသည့် အေးရိပ်၏ အကြည့်တွေ။

“သူ တန်ဖိုးထားသမျှကို
ငါ့လက်နဲ့ တစ်ခုချင်း ဖျက်ဆီးပစ်မှာ..
အစောင့်ခွေးတွေက သူတို့ လိုက်မယ့် သားကောင်ကို လာလုတာ မကြိုက်တတ်ဘူးလေ ..
နားလည်တယ်မလား”

အတည်ပေါက်ပြောနေသည့် အေးရိပ်၏ မျက်လုံးတွေသည် ခြိမ်းခြောက်ရုံသက်သက်မဟုတ်ဘူး ဆိုတာ Ellen နားလည်လိုက်သည်။

“ကိစ္စမရှိဘူး ပြောတဲ့ အတိုင်း မဖြစ်ခဲ့ရင်
ငါက နင့်သားကောင်ကို အမဲဖျက်ဖို့
အဆင်သင့် စောင့်နေပေးမှာမလို့..
ငါ့ကို လက်ဦးမှု မရစေချင်ရင်
နင်က အရင်သေချာလုပ်ပေါ့..
ငါ့အစ်မကို ငါက ဦးစားပေးနေကျဆိုတာ
သိတယ်မလား Ella”

ဟုတ်တာပေါ့.. ဒါက သူ့ရဲ့မောင် Ellen ဆိုတာပဲ။သူ့မျက်လုံးတွေကိုပဲ ယုံတတ်တဲ့ Ellen ကို သူ့ စကားလုံးတွေက ကြာကြာ လှည့်ဖျားနိုင်မှာ မဟုတ်ဘူး။

‘ဒါပေမယ့် စိတ်မပူပါနဲ့ နင့်ကို ငါက လွဲပြီး ဘယ်သူမှ နာကျင်အောင် လုပ်ခွင့် ပေးမှာ မဟုတ်လို့’

တရွေ့ရွေ့ ထွက်ခွာသွားသည့် ကျောပြင်ကို ငေးရင်းမှ ရုတ်တရက် ကောင်းကင်ကို မော့ကြည့်မိလိုက် သည်။

‘အခုတလော.. အမဲလိုက်ခွေးတွေ ပိုပြီး သောင်းကျန်းလာပါလား..
သူရော ကောင်းကောင်း လုပ်နေရဲ့လား’

တစ်စုံတစ်ယောက်ကတော့ စိတ်မပူလည်း ဖြစ်မယ်ဆိုတာ သိပေမယ့်လည်း..။

“အဟွတ်..အဟွတ်”

ချောင်းဆိုးရင်းဖြင့် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သော မေမေသည် ရုံးယူနီဖောင်း လဲနှင့်ပြီး ဖြစ်သည်။

“မေမေ ရုံးခွင့်..”

“အဟွတ်.. အဟွတ်..”

မေပိုးဥ စကားမဆုံးခင် လက်ကာပြကာ တားလိုက်သော မေမေ။

ဖြူဖျော့နေသော မျက်နှာတွင် အရေးအကြောင်း တချို့ နေရာယူစပြုနေပြီဖြစ်သည်။တစ်ညလုံး ချောင်းသံ တဟွတ်ဟွတ် ကြားနေရသဖြင့် မေမေ ကောင်းကောင်း အိပ်မပျော်မှန်း မေပိုးဥသိသည်။

“ချောင်းဆိုးတာက နည်းနည်းမှ ထူးပြီး သက်သာမလာဘူးနော် မေမေ”

ခပ်ယဲ့ယဲ့သာ ပြုံးပြ၍ မေမေသည် မေပိုးဥကို မည်သို့သော အဖြေမှ မပေး။

“ညနေကျရင် ဆေးခန်း မဟုတ်သေးပါဘူး ပြတဲ့ ဆေးခန်းတွေလည်း ဆုံနေပြီဆိုတော့ ဒီခါ ဆေးရုံကို သေချာသွားပြရအောင်”

စိုးရိမ်နေသည့် မျက်ဆံနက်နက်လေးသည် တကယ်ကို တလေးတနက် စဉ်းစားပြီး ပြောနေမှန်း သိသာလှသည်။

သမီးတစ်သက်တွင် ဆေးရုံသို့ သူ တစ်ခါမှ မသွားခဲ့ဖူး။ရင်ခွင်ပိုက် အရွယ် ဒီကလေးကို ဆေးရုံမှ ခေါ်လာသည့် အချိန်ကတည်းကစ ဘယ်ဆေးရုံသို့မှ သူ နောက်တစ်ကြိမ် ထပ်မသွား။

တစ်ခုခုဆို  အနီးနားက ရပ်ကွက်ဆေးပေးခန်း၊ဆေးခန်းတို့တွင်သာ ပြ၍ ကုတတ်သည်။ ထိုသို့ အလွယ်လိုက်ခြင်းကြောင့်လည်း ချောင်းဆိုးလွန်သည့် အခြေအနေသို့ ရောက်လာရတာ။

“အရမ်း အရေးကြီးတာမှ မဟုတ်ပဲ မေပိုးရယ် သမီးစာမေးပွဲပြီးတော့မှ သွားပြကြတာပေါ့ ဟုတ်လား အခုတော့ စာမေးပွဲကိုပဲ အာရုံစိုက် စာကော လုပ်နေရဲ့လား”

“စာ စကျက်နေပါပြီ မေမေရဲ့”

စကားလမ်းကြောင်းလွှဲလိုက်နိုင်ပြီဟု စိတ်သက်သာရာ ရနေရုံရှိသေးသည်။

“စာမေးပွဲပြီးရင်တော့ ဆေးရုံကို သေချာပြရမယ်နော် မေမေ”

သူ စိတ်ပူနေသည့် အကြောင်းအရာဆိုလျှင် မည်သို့မျှ အာရုံလွှဲလို့ မရတာသည်လည်း တကယ့်ကို သူ့ အမေအတိုင်းပင်။

‘ကြွေရေ..သမီးကလေ တစ်နေ့တစ်ခြား နင်နဲ့ တူတူလာတယ်’

“မေမေ မေပိုးပြောတာ ကြားရဲ့လား”

“ကြားပါတယ် ဆရာမကြီးရယ်..မြန်မြန်စား ကျောင်းနောက်ကျနေမယ်”

ဝရံတာမှနေ အစိမ်းနုရောင်‌ ကျောပြင်လေးကို မြင်လိုက်သည်နှင့် အိမ်တံခါးသော့ကို အလျင်စလို ခတ်ကာ အမြန်ပြေးဆင်းခဲ့သည့် ခြေလှမ်းတွေ။

အသည်းအသန် ပြေးလိုက်ခဲ့ပါသော်လည်း အနားထိ ရောက်အောင်သွားလိုသည့် ဆန္ဒမရှိပါ။

မနေ့ညက အဖြစ်အပျက်အတွက် သူ့ကို ကြည့်ဖို့ရာ မမ အနေခက်နိုင်သည်ဟု တွေးမိသဖြင့် တိတ်တိတ်လေး နောက်ကနေ လိုက်ခဲ့သည်။

ရှမ်းဂန် ထဘီ အနက်နှင့် နို့စိမ်းရောင် ရှပ်လက်ရှည်ဖျော့ဖျော့လေးနှင့်.. အခုလို ကြည့်တော့လည်း မမရဲ့ နောက်ကျောက ထင်တာထက် ပိုပြီး သေးတာပဲ။

သူ့ ဘာသာ လက်နှင့် ဘောင်ကလေး လုပ်ကာ မမကို အနောက်ကနေ တိုင်းကြည့်ရင်း ကျေနပ်နေပါသော်လည်း

“Good morning မေပိုးလေး!!”

ခပ်ကျယ်ကျယ်ကလေး နှုတ်ဆက်လိုက်သော အေးရိပ် အသံကြောင့် မမ၏ ခြေလှမ်းသည် ရပ်သွား၏။

သေပြီ!! မသိအောင် တိတ်တိတ်လေး လိုက်လာပါတယ်ဆိုမှ.. သူခိုး လူမိတာပဲ။

သူ့အတွေး မဆုံးခင်ပင် ချက်ချင်း လှည့်ကြည့်လာသော မမ။ မေပိုးဥ ပခုံးပေါ်ရောက်နေသည့် အေးရိပ်၏ လက်ကို မြင်ချိန်၌ ချက်ချင်း တွန့်ချိုးသွားသည့် မျက်ခုံးတွေ။

သူလှည့်ကြည့်သည်နှင့် ချက်ချင်းသူရှိရာဆီ လျှောက်လာလျက်

“မမ”

ခပ်အေးအေး အသံလေးဖြင့် နှုတ်ဆက်သော ကလေးကို နူးနူးညံ့ညံ့ ပြုံးပြလျက် ချမ်း တုန့်ပြန်လိုက်သည်။

“Yo!! Morning”

အေးရိပ် ဝင်နှုတ်ဆက်သည်နှင့် နူးညံ့နေသာ ချမ်း၏ အပြုံးသည် ချက်ချင်း ပျောက်ကွယ်ကာ မီးပွင့်မတတ် မျက်စောင်းနှစ်ခုဖြင့် အချင်းချင်း အပြန်အလှန် မနက်ခင်းကို စတင်နေကြ၏။

‘တော်ပါသေးရဲ့.. အဆင်ပြေပါ့မလားလို့ တစ်ညလုံး စိတ်ပူနေခဲ့တာ..’

“CCTV စစ်တာ ဘာတွေ့ခဲ့လဲ”

ချမ်း မေးခွန်းကြောင့် ချမ်းအား မေ့ကြည့်လာသည့် မျက်ဝန်းနက်ကလေးတွေ။ မဟုတ်မှလွဲ ဒီကလေး သူ့ကိစ္စကို မေ့သွားတာတော့ မဟုတ်ဘူးမလား။ ဒီလို ကြည့်နေပုံထောက်ရင် မေ့သွားတဲ့ ပုံပါပဲ။

“မျက်နှာကို မမြင်ခဲ့ရဘူး mask တပ်ထားဆိုတော့ အဝင်ဝက CCTV  ကလည်း ပျက်နေတာဆိုတော့”

အမှန်တော့ တရားခံနှင့် အေးရိပ်တွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော် အကြောင်းစုံ ရှင်းပြဖို့ရာ စောလွန်းသေးသည်။

‘ဒီတိုင်းသာမန် ကိစ္စတစ်ခု အနေနှင့် ထားလိုက်တာပဲ ပိုကောင်းမယ်.. ဒီကလေးတွေ စာမေးပွဲကို အာရုံမစိုက်နိုင်ပဲ နေမယ်’

“ဟုတ်လား ဘာပဲဖြစ်ဖြစ် သတိထားတာပိုကောင်းမယ်”

သာမန်ကိစ္စလေးလိုပဲ ထင်စေချင်သော်လည်း ချမ်းသည် မေပိုးဥနှင့် ပက်သက်လျှင် အစစ အရာရာ ဂရုစိုက်လွန်းသည်ဟု အေးရိပ်တွေးမိသည်။ ချမ်း၏ သတိကြီးမှုသည် မှန်နေသည်မို့ သူ ဝင်ထောက်ခံ လိုက်သည်။

“အခုက စပြီး ဘယ်ကိုမှ တစ်ယောက်ထဲ မသွားနဲ့ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်နေ”

“အေးရိပ်ပြောတာ ဟုတ်တယ် အနားမှာပဲနေ”

ချမ်း ပြောပြီး အလယ်ကို ကြည့်လိုက်သော လေထုသာ သူတို့ နှစ်ယောက်ကြားထဲရှိသည်။

“အခုငါက ဘယ်သူ့ကို စကားပြောနေတာလဲ”

“မေပိုးဥကို ထင်တာပဲ”

“လူရော”

လမ်းမတွင် သူတို့ နှစ်ယောက်သာ ရှိ၍ မေပိုးဥ ရှိမနေ။

“ဟိုမှာထင်တယ်”

အေးရိပ် ညွှန်ပြသည့် နေရာကို ကြည့်လိုက်တော့
အဖြူရောင် အမွှေးပွခွေးလေးနှင့် လမ်းလျှောက်ထွက်နေသော ၁၀ နှစ် အရွယ်ကလေးလေးနှင့် ခွေးကို ခေါင်းလေးပွတ်သပ်လျက် ချော့မြူနေသော မေပိုးဥ။

မေပိုးဥကို အပြစ်တင်လောက်မည်ဟု အေးရိပ်ထင်လိုက်သော်လည်း ထိုပုံရိပ်ကိုကြည့်ကာ နူးနူးညံ့ညံ့ ပြုံးနေသော ချမ်းကို သူတွေ့လိုက်ရသည်။

ထိုအပြုံးတွင် စီးဆင်းနေသည့် တေးသွားသည် အချစ် ဟု ဆိုလျှင် မှားနိုင်ဖွယ်ရာကို မရှိ။

ဘာရယ်မဟုတ် သူတို့နှစ်ယော်ကို ကြည့်၍ အေးရိပ်ပါလိုက်ပြုံးမိသည်။ မျက်စိရှေ့မှ လူသားလေးသည် ငါးမိနစ်နောက်ကျခဲ့သည့် ကံကောင်းခြင်းနက္ခတ်ကလေး ဖြစ်လောက်မည်။

ကားပေါ်မှနေ သူတို့ကို စောင့်ကြည့်နေသည့် တစ်စုံတစ်ယောက်ကို မည်သူမျှ သတိမထားမိကြ။

“မျက်လုံးတွေက ဘယ်တော့မှ မလိမ်တတ်ဘူးတဲ့… Ella နင့်စကားလုံးတွေထက် နင့် မျက်လုံးတွေက ငါ့အပေါ် ပိုရိုးသားတယ်”

ကျစ်နေအောင် ဆုတ်ထားသော လက်သီးလေးတွင် ထိန်းချုပ်ထားရသည့် ဒေါသတွေ ပါဝင်နေသည်။

ဖျက်ဆီးပစ်ရမယ့် ပစ္စည်းတစ်ခုကို တယုတယ ငေးနေသည့် မျက်လုံးတွေ.. နည်းနည်းလေးမှ အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေသည့် မျက်လုံးတွေ..။

‘နင် ငါ့ကို ထပ်မလှည့်စားဖို့ မျှော်လင့်တယ် Ella ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ငါ့ကို ရွေးချယ်ပေးပါ’

-------------------------

Yo! ဒီခါ​တော့ မကြာ​တော့ဘူး​နော်🙋‍♀️

အကုန်လုံးကို ​မေးချင်တာ​လေး ရှိပါတယ် နိုင်ငံ​ရေးကလည်း အ​ရေးကြီး​နေ​တော့ fic ​လေးကို ရပ်ထားရမလား ဆက်တင်​ပေးရမလား ​​ဖြေ​ပေးခဲ့ကြပါအုံး​နော်❣

ပုံမှန် ၃၊၄ရက် တစ်ပိုင်း up ရမလား
နိုင်ငံ​ရေး​ကောင်းမှ အပြီးထိ တင်ရမလား

​ဖြေ​ပေးခဲ့ပါအုံး​နော်💟

အားလုံး အထိအခိုက်မရှိ​အောင် ဂရုစိုက်ကြပါလို့🥰
D day စပြီးမို့ အကုန်လုံး အစစအရာရာ ဂရုစိုက်ကြပါ​နော်❣ click to donate အတွက် တစ်ရက်ကို ၁၅ မိနစ် အချိန်​ပေးဖို့ တိုက်တွန်းချင်ပါတယ်

You are reading the story above: TeenFic.Net