ရှေ့မှာ ထိုင်နေသည့် ဆရာမမှ အားမနာ နောက်သို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသော ချမ်းအား ပုံ့ပုံ့သည် လက်ဖြင့်အသာတို့၍ သတိပေး၏။
ချမ်း စိတ်မဝင်စား။
ဆရာမသည် နှုတ်မှ စာရှင်းမပြတ် သော်လည်း မျက်ခုံးတို့ တွန့်ချိုးကာ ခင်ချမ်းမြေ့အား စိုက်ကြည့်နေလေပြီ။
အခြေအနေကို သဘောပေါက်သော နန္ဒာက တံတောင်ဖြင့်တွက်၍ သတိပေးသည်။ သို့သော် နောက်ကျသွားလေပြီ။
“ချစ်သမီးရေ တီချယ်ထံ စက္ခုနှစ်လုံး စူးစိုက်လှည့်ပါကွယ်”
တီချယ့်ဒေါသကို သိသောကြောင့် အကုန်လုံးသည် ကျယ်ကျယ်မခွီးရဲကြ။
တီချယ်ကျယ်ကျယ်ကလေး အော်လိုက်မှ ဆရာမကို attention ပေးဖို့ သတိရသော ချမ်းသည် ဟီးကနဲ ရယ်ပြကာ အရှေ့သို့ ပြန်လှည့်လျက်
“ခုပဲ စူးစိုက်လိုက်ပါပြီ တီချယ်”
“ဟုတ်ကဲ့ ကျေးဇူးကြီးလှပါရဲ့ ချစ်တပည့်ရေ ကျွန်မ သင်ခန်းစာကို ဆက်လို့ရပြီလားရှင်”
ထပ်ဆင့် ရွဲ့ချလိုက်သော တီချယ်ကို အချိုဆုံးပြုံးလျက်
“ဟုတ် ရပါပြီ တီချယ် ဆက်ပါ ဆက်ပါ”
ချမ်းဘေးမှ နန္ဒာသည် ခေါင်းငုံ့ထားသော်လည်း တစ်ကိုယ်လုံး တုန်သည်အထိ သူ့အား ကျိတ်ခွီး လျက်ရှိသည်။
အောင့်သက်သက်ဖြစ်နေသော်လည်း တီချယ်စိတ်တိုမှစိုး၍ ချမ်းမှာ မချိပြုံးပြုံးနေရသည်။ မျှော်နေရ သည့် သူ့မမလေးကတော့ ပေါ်မလာသေး။
ပြစ်ဒဏ်အနေနဲ့ အတန်းပြီးတော့ ဆရာမနှင့်အတူ mid term ဖြေမည့် စာအုပ်တွေ သူ လိုက်သယ်ရ သေးသည်။ တစ်တန်းလုံးစာ စာအုပ်တွေမို့ လေးသော်လည်း ကိုယ့်ပြစ်ဒဏ်နှင့်ကိုယ်မို့ အထွန့် မတက်ရဲ။
လက်ပြုတ်မတတ် သယ်လာပြီးချိန်မှာတော့ လှေကားတွင် ထိုင်လျက် အသည်းအသန် စာကုန်း ကျက်နေသော သူ၏ အကြည်ဓာတ်ကလေး။
ကျန်တဲ့ mid term တွေက စာအုပ်ဖွင့် ကူးလိုက်လို့ ရပေမယ့် တီချယ့်ဘာသာကတော့ ထိုသို့မဟုတ်။သူ့ ဘာသာ mid term ကို သူကိုယ်တိုင်စောင့်၍ စစ်သည်။ကျက်ရမည့် အပုဒ်လည်း ကွက်တိပဲပေး၍ ကူးချလျှင် သုည ဖြစ်သည်။
ခြေသံလုံလုံဖြင့် သွားကာ မေပိုးဥ၏ ပခုံးပေါ်သို့ ချမ်း မေးဖျားလေးတင်လျက်
“ဘာတွေ အသည်းအသန်ဖတ်နေတာလဲ”
ဟု တိုးတိုးလေးမေးလိုက်သည်။
ချက်ချင်းဆိုသလို သူ့ဖက်လှည့်လာသဖြင့် နှာလုံးလုံးကလေးသည် ချမ်း၏ ပါးအား ခပ်ဖွဖွကလေး ရှပ်ထိလျက် အနမ်းဟု မဆိုသာသော အနမ်းတစ်ပွင့် ချမ်းထံ ကြွေကျ၏။
လန့်စေချင်၍ စ,သော်လည်း တကယ်တမ်း နှလုံးခုန်မြန်သွားရသည့်သူက ချမ်းပင်။
မေပိုးဥလည်း သူ့လိုမျိုး ရင်ခုန်ကာ ခွာလိုက်မည်ဟု ထင်သော်လည်း ထိုသို့ မဟုတ်။
“mid term ဖြေရမယ့် စာ ကျက်နေတာ မမ”
ဟု အပြုံးမပျက် သူ့အား ပြန်ဖြေလေသည်။
ဘာလဲ အခု ငါတစ်ယောက်ထဲ ရင်ခုန်နေတာလား။
တစ်ယောက်ထဲ နှလုံးခုန်သွားရတာတော့ မတရားဘူး မဟုတ်လား။ပခုံးပေါ်တင်ထားသည်မှ ခွာ၍ သူ့မျက်နှာအား မေပိုးဥဖက်လှည့်လျက် မျက်လုံးနက်နက်လေးအား စူးစူးစိုက်ကြည့်ရင်း
“အစ်မ တစ်မနက်လုံး ညီမလေးကိုစောင့်နေတာ”
ဝင်သက် နှစ်ခုပွတ်တိုက်သည်အထိ နီးကပ်နေသော သူတို့ နှစ်ယောက် အနေအထား။
ချမ်းသည် မေပိုးဥထက် တစ်ဆင့်မြင့်သော လှေကားထစ်မှ ၊ ချမ်းရင်ခွင်ထဲရောက်သလို ဖြစ်နေသော မေပိုးဥသည် ချမ်းအား ခပ်အေးအေးကလေး ပြန်ကြည့်နေသော်လည်း စာအုပ်လေးအား ကျစ်နေ အောင် ဆုပ်ထားသည့် လက်ဖောင်းဖောင်းကလေးတွေကို ချမ်း မြင်ဖြစ်အောင် မြင်လိုက်၏။
ဒီကလေးက ဘယ်လောက်အထိများ သူ့ ခံစားချက်တွေ ဖုံးကွယ်ဖို့ တွေးထားသလဲလေ။
ချမ်း၏ အပြုံးသည် ဟန်ဆောင်ထားသော်လည်း လှုပ်ရှားနေသည့် စိတ်နှလုံးကို ဖွင့်သည့် သော့ချက် ဖြစ်မည်ထင်…မေပိုးဥ၏ မျက်နှာကလေး ရဲတက်လာတာသည် သိသိသာသာ။
“mid term စတော့မှာမလား ဝင်ကြမယ်လေ မမ”
သူ့အား မစောင့်ပဲ ချက်ချင်း စာသင်ခန်းထဲသို့ ဝင်သွားသော မေပိုးဥကို ကြည့်ပြီး
“ကလေးတော့ မသိ ငါတော့ စာတွေ မှတ်မိပါအုံးမလား..”
တကယ့်တကယ်တမ်း စာမေ့သွားသူသည် ချမ်း မဟုတ်။ ကျောင်းလာရင်း ကားပေါ်မှာရော အခန်း ထဲ မဝင်ခင်အထိပါ အသည်းအသန် ထိုင်ကျက်နေရသည့် မေပိုးဥဖြစ်သည်။
မမအား သူလှမ်းကြည့်တော့ ခေါင်းတောင် မဖော်နိုင် ကျားလိုက်သလို ဖြေနေသည်ကို တွေ့ရ၏။
ဘာလဲ အခု … ဒီ မတရားသလို ခံစားချက်ကြီးက။
တွေးရင်း တွေးရင်းက မေပိုးဥ စိတ်တိုလာ၏။သူ စာတွေမေ့သွားရသည့် တရားခံသည် ခင်ချမ်းမြေ့ မဟုတ်လား။ပထမဆုံး အကြိမ် မမအား စိတ်ဆိုးမိတာပင်။
ချောင်းအရမ်းဆိုးနေသည့် မေမေ့အား ဆေးခန်းပြဖို့ တရားချနေရတာနှင့် စာသင်ချိန်တောင် သူ လွတ်သွားသေးသည်။ သို့သော် မေပိုးဥသာ ကျောင်းရောက်လာသည် မေမေကတော့ ဆေးခန်းမရောက်လိုက်။
မမသည် စာအုပ်ထပ်ပြီး ရှေ့တံခါးပေါက်မှ မထွက်ပဲ မေပိုးဥရှိသည့် အနောက်ခုံထိလာကာ စာရွက် ခေါက်ကလေး ခုံပေါ်တင်ပေး၍ နောက်တံခါးမှ ထွက်သွား၏။
မေပိုးဥ မေ့နေသော နောက်ဆုံးနှစ်ပိုဒ်ကို လက်ရေးသေးသေးလေးများဖြင့် ရေးထားပြီး အောက်ဆုံး တွင် ‘စာကြည့်တိုက် အလယ်ထပ် ဝတ္ထုလိုင်းမှာ စောင့်နေမယ်’ ဟု ရေးထားသည့် လက်ရေးပိစိလေး။
ဒီလောက်ဆို သူ့ နှုတ်ခမ်းတွေ ပြုံးဖို့ လုံလောက်ရဲ့ မဟုတ်လား။ဒါမှမဟုတ် ကျရှုံးပြီးသား နှလုံးသား ကို မမထံ အပြီးဆက်သလိုက်ဖို့ သူ အဆင်သင့် ဖြစ်သင့်ပြီ မဟုတ်လား...လို့ပဲ မေးခွန်းပြောင်းထုတ်ရ မလား။
စာအုပ်ထဲ စူးစိုက်ကြည့်နေသဖြင့် ချထားသော မျက်လွှာလေးမှသည် လေအဝှေ့တိုင်း လွင့်ဝဲနေသော ဆံသားနုနုလေးများအဆုံး မေပိုးဥ၏ မြတ်နိုးရာဖြစ်သည်။
သို့သော် သူ ဆက်မငေးသင့်တော့။ဆက် ငေးနေလျှင် မမလက်ထဲမှ စာအုပ်သည် တစ်ဝက်ကျိုးသွားလိမ့်မည်။
ရိုးရိုးတန်းတန်း ခေါ်တာထက် သူ စာကျက်နေတုန်းက မမက သူ့ကို လန့်အောင် လုပ်ထားတယ် မလား .. မျက်လုံးတစ်လုံးအတွက် မျက်လုံး တစ်လုံးပေါ့။
အတတ်နိုင်ဆုံး ကိုယ်ကို ဖော့လျက် သူ့အနားသို့ လာနေသော အရိပ်ဖြူလေးကို ချမ်းမျက်လုံး ထောင့် စွန်းမှ မြင်နေရသည်။
ဘယ်လောက်ကြာကြာများ ရပ်ကြည့်နေမှာလဲလို့.. အမှန်တော့ ထိုကလေး မလာလျှင် စာအုပ်ပိတ်ပြီး ချမ်းက သူ့ဆီ သွားလိုက်တော့မလို့ပင်။
သူ့ခြေသံ ချမ်းမကြားအောင် ဖွဖွလေးလျှောက်နေသည်က အသဲယားစရာ။သူ့ လက်ဖောင်း ဖောင်းလေး တွေကို ကြောင်ကလေး လက်သည်းဖွက်သလို ကုပ်ပြီး ချမ်းကို ခြောက်ဖို့ ပြင်နေသေး သည်။
ချမ်း မနေနိုင်တော့ ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး သူ့ အနားသို့ ရောက်နေသည့် ကလေးဖက်သို့ အလှည့်...
ကလေးကလည်း သူ့ကို ခုန်အအုပ်…
အဆင်သင့် ချမ်း ရင်ခွင်ထဲ ဝင်လာသော ကိုယ်လုံးသေးသေးလေး..
နူးနူးညံ့ညံ့ လာရောက်ထိကပ်နေသည့် နှုတ်ခမ်းပါးပါး တစ်စုံ...
အလိုက်တသင့် ပြန်ဖက်တွယ်ထားသည့် လက်ချောင်းရှည်တွေ..
မပြောဘူးလား ဒီကလေးနဲ့ ပက်သက်လျှင် သူ့မှာ အလိုအလျောက် တုန့်ပြန်မှုတွေ သိပ်များပါတယ်ဆို။
ချမ်းသူ့ဖက်သို့ လှည့်လာမည်ဟု မထင်ထားသလို ချမ်းအား လန့်စေ၍ ခြောက်သော ကလေးသည် ယခုတော့ ပြောင်းပြန်သက်ရောက်ကုန်ပြီထင်။
အနမ်းတစ်ပွင့်ကြွေသွားတာတောင် ရင်ခွင်ထဲမှ ကလေးငယ်သည် မျက်လုံးမှိတ်ဖို့ သတိမရ။ မျက်တောင်လေးပုပ်ခတ်ပုပ်ခတ်ဖြင့် ချမ်းအား ငေးနေ၏။
နှုတ်ခမ်းပါးနှစ်ခုသည် ထိကပ်ထားဆဲ၊ရင်ခွင်ထဲမှာ ကိုယ်လေးသည်လည်း ငြိမ်သက်နေဆဲ၊ လက်ချောင်းရှည်တွေသည်လည်း ဖက်တွယ်ထားဆဲ။
“ဒါနဲ့ မမှိတ်ဘူးလား”
“ဘာကိုလဲ”
“မျက်လုံးလေ”
မေပိုးဥ ပြန်ဖြေမည့် အဖြေကို ချမ်းမစောင့်တော့။
ခါးသွယ်သွယ်ကလေးအား ပိုပြီးတင်းကြပ်အောင် ဖက်လျက် သူ့ ခေါင်းကို အနည်းငယ်ငဲ့လို့ ရင်ခွင်ထဲမှ ကလေး၏ နှုတ်ခမ်းနှင့် သူ့နှုတ်ခမ်းအား တစ်ထပ်တည်း ကျစေလျက်..။
မြင်လွှာကို ပိတ် မျက်လွှာကို ငြိမ့်လျက် သူ့ အနမ်းထဲ စီးဝင်လာသည့် တည်ရှိမှုသည် ရင်ခွင်ထဲမှ သူ၏ မြတ်နိုးရာကလေးပဲ ဖြစ်လိမ့်မည်။
နီးကပ်လွန်းသည့် အသက်ရှုသံနုနုသည်ပင် စည်းချက်ကျနေသလား ထင်ရသည်။ လက်တစ်ဖက်စာ ကိုယ်သေးသေးလေးသည် ရင်ခွင်ထဲတွင် ငြိမ်သက်နေသော်လည်း ရုန်းကန် လွတ်မြောက်မှာ စိုးသည့်အလား လက်ချောင်းရှည်များက ပို၍ တိုးလို့ ထွေးပွေ့လာနေသည်။
တစ်ပွင့်ချင်း ကြွေနေ သော အနမ်းတွေအောက် နစ်ဝင်နေမှန်းသိသော်လည်း ရုန်းထွက်လိုသည့် ဆန္ဒ ချမ်းတွင် မရှိတော့။
နေကြာတစ်ပွင့်၏ စောင့်ဆိုင်းခြင်း ခရီးရှည်သည် တိမ်စိုင်တစ်ခု၏ အနမ်း၌ ပျော်ဝင်အဆုံးသတ် သွားပြီဖြစ်သည်။
“ငါတို့ရော စာကြည့်တိုက်လိုက်သွားကြမလား”
လေးထပ်ဆောင် အပေါ်ဆုံးထပ်ကနေ ဖဲချိုးရင်းက စာကြည့်တိုက်ဖက်လည်း မျှော်ရင်း ပြောနေသော ပုံ့ပုံ့။
“နင်က ဘဲပစ်ခံရတာနဲ့တင် အားမရသေးဘူးလား”
ပြောပြီးမှ နန္ဒာ အားနာသွား၏။သူ မှိုချိုးမျှစ်ချိုးပြောချလိုက်တာသည် မတော်လိုက်ရသည့် သူ့ ယောင်းမ မဟုတ်လား။
ပုံပုံ့ မျက်နှာ မညှိုးခင် အမြန်စကား လမ်းကြောင်းပြောင်းရသည်။
“နင် သန္တာလည်း မလာသေးပဲ ဘာလို့ ဖဲကို အစောကြီး ချိုးနေတာလဲ Ec လည်း အကင်သွားဝယ် နေတုန်းကို”
“ဖဲခိုးထားလို့ ရတာပေါ့ဟ”
“အကျင့်က..ငါလည်းခိုးမယ်”
ထိုသို့ နန္ဒာနှင့်ပုံ့ပုံ့ ဆင်ကြံကြံနေခိုက် ခေါင်းမီးတောက်နေသူ တစ်ယောက်သပ်သပ်ရှိသေး၏။
Presentation ကို rap ရွတ်သလို ရွတ်လာပြီး ပုံ့ပုံ့ အကြိုက် မျက်လုံးနှင့် ကြက်ဥ ဝယ်ပြီး လေးထပ်ဆောင်ကို အလာ
မိုးထိုးနေသော အရပ်ရှည်ကြီးဖြင့် ရှေ့မှ ကော့ကော့ ကော့ကော့နှင့် လျှောက်နေသည့် သူ့တစ်ဝမ်းကွဲ အကို သန့်တည်ကျော်။
နေပါအုံး သူက ကျောင်းအထိတောင် ဘာကိစ္စရှိလို့လဲ… ငါ့ကို မပြောနဲ့နော့် ပုံ့ပုံ့ ဆီလာတာလို့။
“ကိုသန့်”
ခြေလှမ်းများရပ်သွားကာ သူ့ကိုလှည့်ကြည်လာသည်။ အနားသို့ အပြေးကလေး သန္တာသွားလိုက် သည်။
“နင် ငါ့ကို စိတ်တိုစရာရှိလို့လား”
ကိုယ့်ဇောနှင့်ကိုယ်မို့ စောင့်အော်ချလိုက်မိသည်ကို သန္တာမသိလိုက်။
“မရှိပါဘူး ဘာဖြစ်လို့လဲ”
“နင့်ကြည့်ရတာ ငါ့ကို အစိမ်းလိုက် ဝါးစားတော့မယ့်အတိုင်းပဲ”
“ဟုတ်လား ညီမကလား”
စိတ်ထိန်း သန္တာ ခံစားချက်က မျက်နှာမှာပေါ်နေရင် ရန်သူက ကိုယ်ရွှေ့မယ့်အကွက်ကို သိသွားလိမ့် မယ်။
“ပုံ့ပုံ့ ဆီသွားမလို့လား”
သန္တာလက်ထဲမှ မျက်လုံးခေါက်ဆွဲပြုတ်အား မေးငေါ့ပြရင်းမေး၏။
ဆိုတော့မှ…စဉ်းစားကြည့်ရင် ပုံ့ပုံ့ အကြိုက်တွေ အားလုံး အလွတ်ရသည်အထိ မှတ်မိနေသော ကိုသန့်သည်လည်း ပုံ့ပုံ့ အပေါ် စိတ်ရှိနေနိုင်သည်မဟုတ်လား။
“ကိုသန့် ပုံ့ပုံ့ဆီလာတာလား”
“အင်း..”
ဘာလဲ မတင်မကျဖြစ်နေတဲ့ အဲ့ဒီမျက်နှာထားက။အဲ့လို မျက်နှာထားကြီး လုပ်ပြမှ လူက ပိုရင်ပူလာ တာ။
နောက်ပြီး လက်တွင်စွပ်နေကျ သုတထက်နိုင်နှင့် couple လက်စွပ်ကြီးကလည်း ဒီနေ့ကျမှ ဝတ်မလာ။ မဟုတ်သေးပါဘူး..ရေချိုးခန်းမှာ ကျန်နေခဲ့တာလည်း ဖြစ်နေနိုင်တာပဲ။
“ဘယ်အထပ်မှာလဲ ပုံ့ပုံ့က”
“ကိုသန့် ကားရော ဘယ်နားမှာလဲ”
ရှေ့ကနေ ဟိုဒီကြည့်ကာ ရှာနေသော အကိုကို လက်ဆွဲကာ ခေါ်ချလာလိုက်သည်။
“နင့်ဟာက အပြင်မှာ ပြောလို့မရဘူးလား ကားထဲပြောမှရမှာလား”
အရိပ်အောက် ရပ်ထားသော်လည်း ရန်ကုန်ရာသီဥတုဖြင့် လူက ပေါင်းပြီးသားတောင် ဖြစ်ချင်လာပြီ။
“ပူရင် အဲကွန်းဖွင့်လိုက်”
“ငါ့ဆီတွေ မဖြုန်းတီးနဲ့ အမြန်ပြောဘာလဲ”
“ကိုသန့် ရွှေရည်ပုံ့ကို ယူရမယ်ဆို ယူနိုင်လား”
“အင်း”
“နည်းနည်းမှတောင် မစဉ်းစားဘူးလား”
“အင်း စဉ်းစားနေဖို့မှမလိုတာ”
နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ချခံလိုက်ရသည့်အတိုင်းပင်။ဒါဆို ပုံ့ပုံ့ကို လာရှာတာ တွဲကြရ အောင်လို့ ပြောမလို့ပေါ့။
ကြက်ကြီး လည်လိမ်ထားသည့် မျက်နှာဘေးမျိုးဖြစ်သွားသောကြောင့် သန့်တည်ကျော် အမြန်ရှင်း ပြရသည်။
“ပုံ့ပုံ့က ကောင်းတဲ့ မိန်းကလေးပဲ ငြင်းစရာမှ မရှိတာ”
ထပ်သေပြန်ပြီ။ မမေးတော့တာကို ဘာလို့ အတင်းတွေ ရှင်းပြနေတာလဲ။
“ဒါပေမယ့်..သုတထက်နိုင်ကို လက်လွှတ်ပစ်ရလောက်တဲ့ထိတော့ ငါသူ့ကို မကြိုက်ဘူး”
ချက်ချင်း ကားတံခါးဖွင့်လိုက်ကာ ခေါက်ဆွဲဘူးကို ကားရှေ့မှာ တင်ပြီး သန့်တည်ကျော်ထိုင်နေသည့် တံခါးကို လာဖွင့်သဖြင့် သူလည်း ဆင်းလိုက်၏။
ခုမှပဲ အေးသွား…အပြင်လေ အရသာကို ခံစားနေခိုက် သူ့ပါးပေါ် ရောက်လာသည့် လက်သီး တစ်ချက်။
နေပါအုံး ... ငါ့ညီမက အခု ငါ့ကို ထိုးလိုက်တာ လား။
“အရမ်းကြီး ရိုင်းလွန်းတယ်မထင်ဘူးလား ကိုးနှစ်တာ တစ်ဖက်သတ် အချစ်ကို မလေးစားရင်တောင် ဒီလို မစော်ကားသင့်ဘူးလေ ပုံ့ပုံ့က အကို့အတွက် တစ်စုံတစ်ယောက်နဲ့ ယှဉ်ရွေးမှရမယ့် ဖြစ်တည်မှု မျိုးလား မသိပေမယ့် ညီမ အတွက်တော့ လိုအပ်ရင် အကို့ကိုတောင် နောက်တစ်ချက် ထပ်ရိုက်ပစ်နိုင်တဲ့ ဖြစ်တည်မှုမျိုးပဲ”
ဟမ်..သူ ဘာတွေပြောနေတာလဲ အခု။နေပါအုံး ငါက တောင်းပန်မလို့လာတာလေ။
သန့်တည်ကျော်ကို စူးစူးရဲရဲကြည့်နေသည့် မျက်ဝန်းနက်တွေထဲတွင် ငုတ်တုတ်ကလေးထိုင်ကာ သူ့ကို စိုက်ကြည့်နေသည့် အရာသည် အချစ်ဖြစ်သည်။
ထိုအချက်ကြောင့်ပဲ ညီမငယ်၏ ဒေါသကို သူ ခွင့်လွှတ်ပေးလိုက်သည်။ လူတိုင်း ချစ်မိရင် ဘာကိုမှ မမြင်တတ်ကြတာထုံးစံပဲမဟုတ်လား။
“ကြာပြီလား”
ဘာတွေလာမေးနေတာတုန်းဟ ဆိုသည့် အမေးသည် သန္တာ့မျက်နှာမှာအထင်းသား။
ထင်ပါတယ် ကိုယ့်ဘာသာတောင် ပုံ့ပုံ့ကို ချစ်နေမှန်း ဒီအရူးမလေးက သိမှာမဟုတ်ဘူး။
“နင် ပုံ့ပုံ့ကို ချစ်နေတာ ကြာပြီလားလို့”
သန့်တည်ကျော် ကော်လံစကို ဆွဲကိုင်ထားသည့် လက်ချောင်းတို့သည် ချက်ချင်းလွတ်ထွက်သွားကာ
“ဘာ..ဘာတွေ ပြောနေတာလဲ”
လုံးဝကို ရှက်ရမ်းရမ်းသွားသည့် အမူအရာပင်မို့ သေချာပါပြီ ဒီကလေးမ အချစ်နဲ့ စတင်ထိတွေ့ နေပြီ။
“ဘယ်အရူးမှတော့ တစိမ်းတစ်ယောက်အတွက် အကိုကို ပြန်မရိုက်ဘူးလေ..
အ..ချစ်..ရူး..ရူး..နေတာ မဟုတ်ရင်ပေါ့”
တစ်လုံးချင်းပြောချလိုက်သော သန့်တည်ကျော်စကားနောက် ငရုတ်ဆီလို မျက်နှာနီတက်လာသူက တော့ သန္တာပင်။
“ချစ်ကြောင်း သက်သေပြစရာနည်းတွေ အများကြီးရှိတာကို ငါ့ရည်းစားကို ရိုက်ပြီး သက်သေပြစရာ လိုလို့လား”
သုတထက်နိုင်သည် ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာကာ အနည်းငယ် နီမြန်းသွားသော သန့်တည်ကျော်၏ ပါးအား တယုတယလေးကိုင်ကာ သန္တာ့ကို အပြစ်တင်၏။
သုတထက်နိုင် နောက်တွင် ကြောင်တောင်တောင်ကလေး ရပ်ကြည့်နေသော ရွှေရည်ပုံ့နှင့် မထင်ထားသဖြင့် ပါးစပ် အဟောင်းသားဖြစ်နေသော နန္ဒာ။
အား…သေစမ်း။သူတို့ ဘယ်ကတည်းက ရောက်နေတာလဲ။
ပုံ့ပုံ့သည် ကားရှေ့တွင် တင်ထားသည့် မျက်လုံးခေါက်ဆွဲဘူးအားယူကာ
“ငါ့ဖို့လား”
ဟုမေးရင်း ပါးစပ်ထဲ တစ်လုပ်ထည့်လိုက်၏။
“နင်တို့ ဘယ်ကတည်းကရောက်နေတာလဲ”
“ငါ့အတွက်ဆို ကိုသန့်လည်း နောက်တစ်ချက်ထပ်ရိုက်နိုင်တယ်လို့ ပြောလိုက်ကတည်းကပဲ”
“အခု နင် အဲ့စကားကို ခေါက်ဆွဲစားရင်းပြောနေနိုင်တယ်ပေါ့”
“ခေါက်ဆွဲက ပွနေပြီဟ”
“၅၀၀ တန်မျက်လုံး ခေါက်ဆွဲပြုတ်ဆီမှ ရှုံးသွားတာလား ငါ”
“ဟိုက ကြက်ဥ ပါတယ်လေ နင်က ပါလို့လား”
နန္ဒာက ဝင်စတော့ သန္တာမျက်နှာလေးက စူပုပ်ပုပ်။
“စားစေချင်လို့ ကန်တင်းထိ တကူးတက သွားဝယ်လာပေးတဲ့ ခေါက်ဆွဲကို အရသာလေး ပျောက်မသွားစေချင်လို့ပါ အချစ်ရာ”
“အယ်လဲ့ ရွှေရည်ပုံ့ကဒီလို ချော့တတ်တယ်ပေါ့”
“နင်နည်းနည်း အလိုက်သိလို့မရဘူးလား နန္ဒာရယ် ငါ့များ မရှက်တတ်ဘူးထင်နေလား”
ဟုတ်တာလည်း ဟုတ်ပါသည်။ပုံ့ပုံ့က အစားအသောက် မပျက်သော်လည်း သန္တာကတော့ ယခုအချိန် ထိ နီနေသည့် မျက်နှာက အရောင်မကျသေး။
“ပုံ့ပုံ့ကို သေချာလေး တောင်းပန်မလို့လာပေမယ့် အခု ကိုယ့်အစားကိုယ့်ညီမကိုပေးလိုက်ပြီဆိုတော့ မလိုတော့ဘူးမလား”
ပုံ့ပုံ့သည် မဖြေ။သန္တာ့အား ကြည့်၍
“သန္တာ ငါ ဘယ်လိုပြန်ဖြေလိုက်ရမလဲ”
“အား…မစပါနဲ့တော့ဟ”
ငရုတ်ဆီလို နီရဲနေသည့် မျက်နှာနှင့် သန္တာသည် အငွေ့ပျံမတတ် ပျောက်ကွယ်သွားချင်သည့် အခြေအနေဖြင့် သူတို့ကြား ရပ်နေရတာပင်။
“ချမ်း ဘယ်မှာရှိလဲ သိလား”
ဒေါက်ဖိနပ်ချွန်ချွန်ကလေး စီးထားကာ သူတို့ အုပ်စုနား လာမေးသည့် ခပ်လှလှ အမျိုးသမီး တစ်ယောက်။ အညိုရောင် ဆံနွယ်ရှည်တွေကို အလိပ်ကြီးကြီး ကောက်ထားသေးသည်။
“စာကြည့်တိုက်မှာ”
ဟု ထွက်သွားပြီးမှ ထိုအမျိုးသမီး ဘယ်သူလဲဟု သူတို့ အသည်းအသန် စဉ်းစားမိသွားသော်လည်း မမှီတော့။ ဒေါက်ဖိနပ်ကလေးသည် ကား စက်နှိုး၍ ထွက်သွားနှင့်ချေပြီ။
“ဟဲ့ ငါသိတဲ့ တစ်ယောက်လို့ ငါ့ကို မပြောနဲ့နော်”
ပုံ့ပုံ့သည် ခေါက်ဆွဲဘူးလေး တစ်ဖက် သန္တာ့လက်လေးအား တစ်ဖက်ကိုင်ရင်းမှ
“မဟုတ်မှ…”
“အေ အဲ့ဒီမဟုတ်မှ..ပဲ”
ဟု နန္ဒာက ဝင်၍ အတည်ပြု၏။
“ချမ်း..ချမ်းကို ဖုန်းဆက် ကိုသန့် ညီမတို့ကို စာကြည့်တိုက်လိုက်ပို့ပေးပါ မြန်မြန်”
သူတို့ ဖုန်းခေါ်နေပါသော်လည်း ချမ်းသည် ဖုန်းမကိုင်။
တယုတယ ယှက်နွယ်ထားသော လက်ချောင်းသွယ်သွယ်များသည် စာကြည့်တိုက်ထဲသို့ ဝင်လာသည့် ဒေါက်ဖိနပ် ချွန်ချွန်လေးကို မြင်ချိန်၌ ယှက်နွယ်မှုသည် အလိုလို အားပျော့လာ၏။
နောက်ဆုံး လှေကားထစ်သို့ပင် ခြေလှမ်းမချနိုင်လောက်အောင် မမ မျက်နှာသည် သွေးပျက် သွားရသည်။
တစ်လှမ်းချင်းလှမ်းလာနေသည့် ဒေါက်ဖိနပ်လေးသည် သူတို့ ရှေ့တည့်တည့်တွင် အဆုံးသတ်သွား ၏။ဘာကြောင့်ရယ်မသိ အညိုရောင်မျက်ဝန်းတွေကို မြင်ချိန်၌ လက်ဖောင်းဖောင်းလေးအားအလိုလို ဖြေချမိပြီးသား ဖြစ်သွားသည်။
“စာကြည့်တိုက်မှာ ရှိနေတယ်ပြောလိုက်လို့”
ထိုအမျိုးသမီးပြောသော စကားကို မမသည် ဘာမှ ပြန်မတုန့်ပြန်။
မေပိုးဥအားပြုံးပြ၍
“အစ်မ ချမ်းဆီလာတုန်းက လိုက်ပို့ပေးတဲ့ ညီမလေးပဲ”
ထိုအမျိုးသမီးလေး စကားကြောင့် မမသည် မေပိုးဥအား တအံ့တဩကြည့်သည်။
ဟုတ်သားပဲ..အဲ့နေ့က..သူ လမ်းညွှန်မိလိုက်တာပဲ အိမ်အောက်ထိတောင် သူကိုယ်တိုင်လိုက်ပို့ခဲ့ တာပဲ။ မမကို အိပ်မက်ဆိုးထဲ ပြုတ်ကျအောင် တွန်းချမိတဲ့လက်က သူ့လက် ဖြစ်နေခဲ့တာပဲ။
“ချမ်း”
နန္ဒာတို့ သုံးကောင် အမောတကောနှင့် ရောက်လာပါသော်လည်း နောက်ကျသွားချေပြီ။ချမ်းသည် သူ့မမနှင့် မျက်နှာချင်းတောင် ဆိုင်ပြီးနေပြီ။
ချမ်း မမကတော့ နန္ဒာတို့ကို လှည့်ပင်မကြည့်။ချမ်းဆီက အကြည့်မခွာပဲ
“အတန်းတက်အုံးမှာလား”
“အင်း ညနေထိ..”
“ ကျောင်းဆင်းတဲ့ထိ မမစောင့်နေမယ်လေ”
စကားစသည် လမ်းဆုံးလေပြီ။ချမ်းသည် သူ့မမအား ရှောင်လွှဲလို့ရတော့မည်မဟုတ်။
“ကျောင်းဆင်းလည်း အဆင်မပြေဘူး သူ့ကို အိမ်ပြန်ပို့ရအုံးမယ်”
မေပိုးဥ လက်ကောက်ဝတ်အား ဆွဲကာ ထွက်သွားဖို့ ပြင်နေသည့်မမ။
“သူငယ်ချင်းကိုပါ အတူခေါ်ခဲ့လေ မမ ပြန်ပို့ပေးမယ်”
ထိုအမျိုးသမီးစကားကြောင့် မမ ခြေလှမ်းတွေ ရပ်သွားသော်လည်း သူငယ်ချင်းဆိုသည့်စကားကို ပြန်လည်တုန့်ပြန်တာမျိုးမရှိ။
မမ တွေဝေနေသည်လားလေ။သိချင်ပေမယ့် မမ မျက်နှာကို မေပိုးဥ မကြည့်ရဲ။
“အမေ့ကို ဆေးခန်းပြပေးရမှာမလို့ အရင်ပြန်နှင့်မယ်နော် မမ”
လွတ်ထွက်သွားသော လက်ကောက်ဝတ်လေးအား ချမ်းလိုက်ဆွဲချိန်တောင်မရလိုက်။
ကလေးသည် လျင်လျင်မြန်မြန်ပင် သူ့ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။နောက်ကနေ အပြေးလိုက် သွားသင့်တာပေမယ့် ဘာကြောင့်ရယ်မသိ ချမ်း ခြေထောက်တွေ ရွေ့မရခဲ့။
တစ်စုံတစ်ခု၏ ဆွဲငင်ခြင်း ခံရသလိုမျိုး သူ့ခြေထောက်တွေသည် လှုပ်ရှားမှု ရပ်တန့်နေခဲ့သည်။
_____________________
ဘယ်လိုနေလဲ ဖတ်ရတာ အဆင်ပြေမပြေ feedback လေးပေးခဲ့ပါအုံး😢😢
အပိုင်းသစ်က အရမ်းမကြာခင် ထပ် up မယ်နော်😁😁
ကြာသွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ် 🥺🥺🥺 ဆေးခါးကြီးတွေနဲ့ ပြန်ချော့မယ်နော်
You are reading the story above: TeenFic.Net