Part 15

Background color
Font
Font size
Line height

ပြက္ခဒိန်ထဲမှ လေးထောင့်ကွက်လေး တစ်ကွက် ကုန်ဆုံးရန်ကြာချိန်သည် ၂၄ နာရီဖြစ်သော်လည်း တစ်စက္ကန့် ကုန်ဆုံးဖို့ရာ သုညနာရီပေါင်း သောင်းချီပြီး ကြားထဲ၌ ခံနေသလား ထင်ရသည်။

ပိတ်ရက်က ဘာလို့ အခုမှ အရမ်းရှည်လျားနေရတာလဲ။

ပြက္ခဒိန်ကြည့်လိုက်၊ ဧည့်ခန်းတစ်ပတ် လမ်းလျှောက်လိုက်၊ ဆိုဖာမှာ ဝင်ထိုင်လိုက်၊ နာရီကြည့်လိုက်၊ ဟင်းခနဲ သက်ပြင်းချကာ ပစ်လှဲလိုက် လုပ်နေသည်မှာ ချမ်းမြေ့ကို ကြက်သားပြုတ်အိုး စ,တည်သည့် အချိန်ထဲက ဖြစ်သည်။ 

ချက်မည့်ဟင်းထဲ ဘာပါဝင်ပစ္စည်းထည့်ရမည် ဆိုတာ မေ့သည်အထိ သူ အာရုံပျက်လာသည်။

“ဟင်းးးးးး"

မနောပျက်သည့်ကြားမှ မနည်းဆွဲဆန့်ထားသော ချမ်းမြေ့ကို၏ သည်းခံစိတ်သည် ချမ်း၏ နောက်ဆုံး သက်ပြင်း၌ အဆုံးသတ်သွားပြီဖြစ်သည်။

“အ့ာ"

စိတ်ထက်မြန်သော ခန္ဓာကိုယ်၏ လှုပ်ရှားမှုကြောင့် မီးဖိုးချောင်မှ ဈာန်ရကာ ပျံဝဲသွားသော အရာသည် လက်ထဲမှ ယောက်မ ဖြစ်သည်။

ပူကနဲ ဖြစ်သွားသော နောက်စေ့အား ဖွဖွ ပွတ်ရင်း သူ့အကိုကို လှည့်ကြည့်လိုက်သည်။

“မနက်စောစော လာဘ်တိတ်မယ့် အလုပ်တွေ မလုပ်နဲ့လို့ ငါ မသင်ဘူးလား”

သူ မအော်ရသေးခင် သူ့အား အလျင်ဦးအောင် ဆူလိုက်သည်မို့ ချမ်း ပါးစပ် ပိတ်လိုက်ရသည်။ ယောက်မအားကောက်ကာ ပြန်သွားထားပေး ရသေး၏။

“ပါးစပ်နဲ့ ပြောလည်းရတာကို"

အထွန့်လည်းတက်ရင်း ကြက်သားမွအားလည်း လက်လှမ်းရင်း ထပ်ပြီး အာရုံလာဖျက်နေသော ညီမအား မျက်စောင်းဖြင့်ပင် အချက်မပြတော့ပဲ ထမင်းစား တူဖြင့် လက်ဆစ်ခေါက်လိုက်၏။

“နင့်ရဲ့ မေဂျာအတွက် အဖိုးတန်တဲ့ လက်တို အသုံးချဖို့ ရေချိုးခန်းဝင်ပြီး မျက်နှာသစ်လိုက်ပါတော့"

အသံ tone ကာလာ အနေအထား မြင့်လာပြီမို့ နောက်ထပ်မီးဖိုချောင်သုံး ပစ္စည်းတစ်ခုခု ဈာန်နှင့် ထပ်ကြွမလာခင် ခင်ချမ်းမြေ့ ရေချိုးခန်းသို့ ဝင်လိုက်၏။

ကြက်သားမွနံ့ သင်းသင်းလေးတွင် ကြက်သွန်မြိတ်ရနံ့ ပါးပါးစွက်လျက် လေထု၏ သယ်ဆောင်မှုသည် ရေချိုးခန်းအထိ ရောက်၏။ ဘဝတွင် မိမိအကိုအား သူများ ပေးရမှာ နှမြောသည့် အချိန်ဆို၍ ဒီတစ်ချိန်သာ ရှိသည်။

နီကြင်ကြင် မြေနီလမ်းကလေး၏ တစ်ဖက်တစ်ချက်တွင် ညီညီကလေး ပေါက်နေသော ထင်ရှူးပင်များဖြင့် ထိုတောင်ပေါ်လမ်းကလေးသည် သိပ်လှ၏။ 

နေကြာတွေဖြင့် ပြည့်နေသော ခြံကလေးသည် သူ့ နှလုံးသား တံခါးအား ခေါက်ပြန်၏။ ချိတ်ပိတ်ထားခြင်း မရှိသော သတိရစိတ်သည် ပျံသန်းတတ်မည်ဆိုလျှင် သူဖြတ်သန်းလာသော ကွေ့ကွေ့ကောက်ကောက် တောင်တက်လမ်းလေးများအတိုင်း ရန်ကုန်သို့ ပြန်လောက်ရဲ့။

ရန်ကုန်မှာ ပွင့်တဲ့ သူ့ရဲ့ နေကြာပန်းလေးရော အဆင်ပြေနေရဲ့လား။ ထပ်ပြီး အိပ်မက်ဆိုးတွေထဲ နစ်ဝင်နေလေအုံးမလား။ 

အဖြူရောင် ဆေးတစ်မျိုးတည်း သုံးထားသော တစ်ထပ်တိုက်ပုလေး၏ အောက်ခြေသည်လည်း မြေနီတို့ဖြင့် ရောယှက်ကာ နီစွေးစွေးကလေး ဖြစ်နေသည်။

အမြင့်ပိုင်းမှာ ဆောက်ထားသည့် နေကြာခင်းနှင့် အိမ်ကလေးသည် ပန်းချီကားဆန်ဆန်လှလွန်းသည်။ သစ်သားပြားတစ်ချပ်ကိုသာ သုံး၍ ကြိုးဖြင့် တွဲလဲဆိုင်းထားသော ဒန်းကလေးသည် မေပိုးဥအား အဖမ်းစားဆုံးဖြစ်သည်။

အထူးသဖြင့် ထိုဒန်းဘေးမှာ အကိုင်းအခက် သေးသေးနှင့် အပင်ပုကလေး။ ဘာရယ် မဟုတ် ကားပေါ်မှ ဆင်းဆင်းချင်း ဒီတိုင်း ကြာကြာကလေး စိုက်ကြည့်မိသွားတာ။

“အဲ့တာ ဘာပင်လို့ထင်လဲ”

တောင်တက်လမ်း တစ်လျှောက် သူမြင်ခဲ့ရသည့် အပင်တွေထက် ပိုသေးကာ နည်းနည်းလေး ပုနေသည်မှလွဲ ချယ်ရီပင်နှင့် တူသည်။

“ချယ်ရီလား...”

မသေချာသဖြင့် ခပ်လေးလေး,လေး သံရှည်ဆွဲ၍ ဖြေလိုက်၏။

“စိတ်တစ်ခြမ်းပင်တဲ့”

နာမည်ဆန်းဆန်းနှင့် အပင်ပုလေးသည် ခပ်မြင့်မြင့် တောင်ကုန်းကလေးပေါ်မှ နေကြာခြံလှလှလေးထဲတွင် ပေါက်နေသော်လည်း ဘာကြောင့်ရယ်မသိ ထိုမြင်ကွင်းလှလှလေးတွင် တစ်စုံတစ်ခုလိုအပ်နေသည်။

“ပန်းပွင့်တွေ မရှိဘူးနော်”

ဟုတ်သည် ... ထိုမြင်ကွင်းတွင် လိုနေသည့် အရာသည် အပင်မှ ပွင့်လာမည့် ပွင့်ဖတ်နုနုများ ဖြစ်သည်။

“အင်း အဲ့တာကပဲ သူ စိတ်တစ်ခြမ်းပင် ဖြစ်နေရတဲ့ အကြောင်းရင်းလေ”

မေမေပေးသည့် အဖြေကို နားလည်ဖို့ရာ ဘာသာပြန်ပေးမည့် ပုံပြင်တစ်ပုဒ်တော့ လိုနေပြီဆိုတာ မေပိုးဥ သိလိုက်၏။

နာမည်ဆန်းဆန်းနှင့် ပန်းမပွင့်သည့် အပင်လေး နောက်မှာ ပန်းမပွင့်ရသည့် အကြောင်းအရင်းသည်လည်း ပုံပြင်လှလှလေး တစ်ပုဒ်အနေဖြင့် ရှိနေနိုင်သည် မဟုတ်လား။

“ပစ္စည်းတွေ နေရာ မချတော့ဘူးလား မေစပ်စုရဲ့”

သူ့စကားကြောင့် ကားပေါ်မှ အထုပ်များအား အမြန်ပြေးဆွဲကာ အိမ်သော့ဖွင့်နေသည့်နောက်မှ နေ၍ နေရာချရန် အဆင်သင့် ရပ်နေ၏။

သူ ဘယ်လောက်တောင် သိချင်နေသလဲလေ။ သွေးက စကားပြောတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ကြည့်နေရဲ့လား ကြွေ။ ၂၁ နှစ်တောင် ခွဲခဲ့ရတော့ လွမ်းလောက်ရောပေါ့။

တစ်ထပ်တိုက်ဟု ထင်ထားသော အိမ်ကလေးသည် အထဲကို ဝင်လိုက်ချိန်မှာတော့ နှစ်ထပ်ဖြစ်သည်။

ဝင်ဝင်ချင်း ညာဖက်တွင် နံရံကပ် TV တစ်လုံးရှိပြီး TV ရှေ့တွင် C shape ပုံစံ အပြာနုရောင် Sofa Set နှင့် သစ်သားစားပွဲဝိုင်းပုကလေး ရှိသည်။

မဲနယ်ရောင် ကတ္တီပါကော်ဇော်သုံးထားသည်မို့ ပို၍ သန့်နေသည်။ Modern ဆန်ဆန် ဒီဇိုင်းမျိုးနှင့် ပြင်ဆင်ထားမည်ဟု မေပိုးဥ မမျှော်လင့်ထားခဲ့။

မီးဖိုချောင်၏ မျက်နှာချင်းဆိုင်တွင် တစ်ကိုယ်စာ ရေချိုးခန်းနှင့် သန့်စင်ခန်းလေးရှိပြီး အပေါ်ထပ် အနေဖြင့် တစ်ဝက်ယူထားသော နေရာသည် အိပ်ခန်းဖြစ်သည်။

“သဘောကျရဲ့လား”

“အင်း သပ်သပ်ရပ်ရပ်နဲ့ တော်တော်လေး လှတယ်”

“အရောင်တွေကအစ မေပိုးလေး ကြိုက်လောက်မယ့် အရောင်တွေပဲ သေချာရွေးသုံးထားတာ”

“ဒါ မေမေ့အိမ်လား”

“ဒါပေါ့ ဘယ်သူ့အိမ်ဖြစ်ရမလဲ”

“တစ်ခါမှ မပြောဖူးလို့လေ”

“မေမေ မရှိတဲ့အခါ မေ့ သမီးလေး တစ်ယောက်တည်း ဖြစ်သွားတဲ့ခါ နေဖို့ ဖြေးဖြေးချင်း အချိန်ယူပြီး ဆောက်ထားတာ”

“ဘာလို့ မေပိုးက တစ်ယောက်ထဲနေရမှာလည်း တူတူနေမှာပေါ့”

မေမေသည် ပြုံးရုံသာ ပြုံးပြ၍ သူ့အား အဖြေပြန်မပေးသဖြင့် မေပိုးဥ စိတ်ထဲ သိပ်တော့ ဘဝင်မကျ။

“အမြန်ရေချိုးတော့ မနက်စာ စားရအောင်”

“မနက်စာ မေမေဝယ်ထားလို့လား”

ရန်ကုန်မှ ဝယ်လာသော sandwich ဘူးလေးအား မြှောက်ပြလျက်

“အကုန် ပြင်ဆင်ခဲ့ပါတယ်ရှင်”

“အဲ့တော့ ဘာလို့ စိတ်တစ်ခြမ်းပင်လို့ ခေါ်တာလဲ မေမေ”

ပန်းကန်ဆေးနေသည့် သူ့အား စောင့်ရင်းမှ စိတ််မရှည်တော့၍ထင် အနားထိ လာမေးလျက် သူ့အဖြေကို စောင့်နေ၏။

ရေစင်သည်အထိ လက်အား အနည်းငယ် ခါထုတ်လိုက်ကာ

“ခြံထဲမှာ လမ်းလျှောက်မလား”

ဆံသားအိအိလေးများ တုန်ခါသည်အထိ ခေါင်းလေး တဆတ်ဆတ်ငြိမ့်သည်။

မှန်မှန်လေး လှမ်းနေသော ခြေလှမ်းတို့နောက် လိုက်ရင်းက သမီးသည် သူ့ လက်မောင်းအား ခိုတွဲထားလျက် ရှိသည်။

“အမေ ငြင်းလိုက်တုန်းက သူကပြောတယ် တောင်ပေါ်မှာ အိမ်ကလေးတစ်လုံးဝယ်မယ် တစ်ခြံလုံး နေကြာပန်းတွေ စိုက်ထားမယ်တဲ့”

“ဘာလို့ အဖြူရောင် Daisy တွေ မစိုက်ရတာလဲ ငါက Daisy ပိုကြိုက်တာလို့ အမေပြောတော့ သူက ပြန်ပြောတယ် ငါသာ Daisyတွေ ပျိုးလိုက်ရင် နင်က ဘယ်တော့မှ ငါ့ကို ချစ်တယ်လို့ ဝန်ခံမှာ မဟုတ်ဘူးတဲ့”

(white daisy - ဘယ်တော့မှ ပြောပြမှာ မဟုတ်သော)

ငြိမ်ငြိမ်ကလေး နားထောင်နေရာမှ ခြေလှမ်းလေးအား ရပ်လျက်

“မေမေက ချစ်ရက်နဲ့ ဝန်မခံခဲ့တာလား”

တဲ့..။ကြွေရေ ငါ ဘယ်လိုဖြေလိုက်ရမလဲ။

ဖြေရခက်သည့် မေးခွန်းတိုင်း အပြုံးတစ်ခုနှင့် အစားထိုးတတ်ခဲ့သည်မှာ ကြာခဲ့ပြီ။

“အဲ့တာကြောင့်မို့ Daisy တွေ ခြံထဲမှာ မမြင်ချင်ဘူးတဲ့ အဲ့အစား နေကြာပန်းလိုမျိုး ပြောလာမယ့်အချိန်ထိ စောင့်ဆိုင်းရင်း သူ ချစ်မယ်တဲ့”

“၈၀ ခုနှစ်က လူကြီးတွေလည်း romantic ဆန်လိုက်တာနော်”

“ဒါပေမယ့် Daisy တွေမုန်းတယ်လို့ ပြောသွားတဲ့သူက နေကြာပန်းတွေလည်း စိုက်မသွားနိုင်ခဲ့ဘူး”

“ဘာဖြစ်လို့လဲမေမေ ဆုံးသွားလို့လား ဒါမှမဟုတ် အိမ်ထောင်ပြုသွားလို့လား”

“အင်း နှစ်မျိုးလုံးပဲဆိုပါတော့”

“အော်...”
ဟုသာ ခပ်တွေတွေကလေး ပြောလိုက်နိုင်သည်။

ကရုဏာ သက်သည့် အကြည့်နုနုအား အပြုံးနှင့်သာ နှစ်သိမ့်လျက် သူ့ အလွမ်းကို ထိန်းချုပ်လိုက်၏။သေချာ ချုပ်ထိန်းထားပါလျက်က... မနာခံသော မျက်ရည်စများသည် မြေနီလမ်းကလေးပေါ် တစ်ပွင့်ချင်း သက်ဆင်းလျက်ရှိသည်။

“မငိုပါနဲ့ မေမေရဲ့”

မသည်းထန်သော်လည်း
အဆီးအတားမရှိသည့် မျက်ရည်တွေ...
အပြစ်မဖွဲ့ရက်သော်လည်း
နောင်တရနေသည့် အတိတ်မှ မှတ်ဉာဏ်တွေ..

“နေကြာတွေ မစိုက်နိုင်ခဲ့လို့ အဲ့အစား
ကြွေအိုးသေးသေးလေးထဲက ပေါက်ကာစ
စိတ်တစ်ခြမ်းပင်ပေါက်လေးကို ပေးရင်း
အမေ့ကို ပြောတယ်...
ဒီအပင်လေး ကြီးလာတဲ့အခါ သူ့ အရိုးကို အပင်အောက်မှာ မြှုပ်ပါတဲ့...
မြေဩဇာကောင်းအောင်လားလို့ 
အမေက နောက်တော့...
ဘယ်တော့မှ ပန်းမပွင့်အောင်တဲ့... 
အမေ့ပေါ်ထားတဲ့ သူ့သစ္စာ တည်သရွေ့..
အမေ့ရဲ့ အရိုးပြာကို သူနဲ့တူတူ ဒီချယ်ရီပင်အောက်မှာ မမြှုပ်နှံသရွေ့ ...
သူ့ရဲ့ စိတ်ဝိညာဥ်တစ်ခြမ်းနဲ့ပဲ အသက်ဆက်နေတဲ့ ဒီချယ်ရီပင်လေးက ပန်းပွင့်မှာမဟုတ်ဘူးတဲ့”

မေပိုးဥ ရင်ထဲထိတ်သွား၏။ မေမေ့ရဲ့ ရည်းစားဦးအကြောင်း ပြောနေတာလား သို့မဟုတ် သူ့အဖေအကြောင်းပြောနေတာလား။

မေမေ့ နှုတ်က တစ်ခါမှ အဖေဆိုသည့် သူ အကြောင်း ပြောမပြခဲ့ဖူးဘူးလေ။သေသွားတာ သို့မဟုတ် နောက်မိန်းမရသွားတာ ဘယ်လို အကြောင်းအရာမျိုးမဆို သူ လက်ခံဖို့ အဆင်သင့် ပြင်ထားသော်လည်း မေမေပြောပြသမျှသည်

‘အဖေမရှိလည်း သူကပဲ အဖေ့ထက် ပိုပြီး လုံခြုံအောင် စောင့်ရှောက်ပေးမယ် သူများ အဖေရှိတဲ့သူတွေကို မေမေ့ သမီးက အားကျတဲ့ မျက်လုံးနဲ့ ဘယ်တော့မှ မကြည့်စေရဘူး’

တဲ့...ထို စကားတစ်ခွန်းနှင့်ပင် သိချင်သော်လည်း အဖေ့အကြောင်း သူမမေးရက်တော့။

အဲ့အစား သူ နိုင်သည့် အိမ်အလုပ်အားလုံး သူ လုပ်သည်။ အတတ်နိုင်ဆုံး နေမကောင်း မဖြစ်အောင် နေသည်။ ဘာမှဂျီးမများပဲ အရသာ ရှိရှိ အားလုံးကို စားသည်။

ပူဆာချင်သည့် အရုပ်သေးသေးလေးမှအစ အင်္ကျီလှလှလေးအဆုံး မျက်နှာလွှဲလျက် မေမေ အပိုမကုန်ရအောင် သူ နေသည်။

Sg Mom မို့ ပတ်ဝန်းကျင်က တီးတိုးဝေဖန်သည့် အခါတိုင်း ထိုညမျိုးဆိုလျှင် ပို၍ ညနက်သည်အထိ သူ စာလုပ်တတ်၏။ အဆင့် ၁ ဟူသော နေရာလေးသည် သူ့မေမေသည် သူ့အား သေချာပျိုးထောင်ထားကြောင်း သူ ပြပေးနိုင်သည့် တစ်ခုတည်းသော သက်သေလေးပင်။

ပုံပြင်လှလှလေး နားထောင်ရမည်ဟု သူ ထင်ခဲ့သော်လည်း နူးညံ့သော ကြေကွဲခြင်း အဆုံးသတ်ကိုသာ သူရလိုက်၏။

ရှင်ကွဲရော သေကွဲရောဖြင့် မေမေ့ရင်ကို နှစ်ခါ ခွဲသွားသော်လည်း မေမေကတော့ မုန်းဟန်မတူ။

ပန်းမပွင့်နိုင်သည့် စိတ်တစ်ခြမ်းပင်နှင့်ပင် ခွင့်လွှတ်ဖို့လည်း လုံလောက်ရဲ့ ...တစ်ဘဝစာ ထွေးပွေ့သွားဖို့လည်း လုံလောက်ရဲ့ထင်...။

သူ့အတွက်ရော...တစ်ခါမှ ခေါ်ခွင့်မရဖူးသည့် အမည်နာမ ပိုင်ရှင်အား အဝေးကနေ တစ်ခါလောက်တော့ ငေးကြည့်ချင်ခဲ့ဖူးသည်လေ။

“အဲ့တော့ အပင်ရဲ့ အောက်က အရိုးပြာက အဖေပေါ့”

ရုတ်တရက်မေးလိုက်သော မေးခွန်းသည် ဒေါ်ငြိမ်းမေ အတွက်တော့ အဆင်အစပ် ရှိမနေ။ သမီးသည် ချယ်ရီပင်အောက်မှ အရိုးပြာ ပိုင်ရှင်ကို သူ့ဖခင်ဟု ထင်နေပုံရသည်။

အင်းလေ ...သူ့ကို အမေရင်းဟုပဲ ၂၁ နှစ်လုံးလုံး သိထားခဲ့သည်ကိုး။

“အဖေ...အင်း...အဲ့လိုပဲ ပုံစံခပ်ဆင်ဆင်ပေါ့”

မတင်မကျ အဖြေဖြစ်သော်လည်း မေပိုးဥ ကျေနပ်သွား၏။ မေမေနှင့် လက်မထပ်ရ၍ တရားဝင် အဖေမဟုတ်သော်လည်း စိတ်တစ်ခြမ်းပင်(ချယ်ရီပင်)အောက် မြှုပ်နှံထားသော အရိုးပြာသည် သူ့အဖေ ဖြစ်ခဲ့သည်ဆိုသည့် အတွေးနှင့်...။

ငါ့ကို ခွင့်လွှတ်ပါ ကြွေ...အမှန်အတိုင်း ဝန်ခံဖို့ကို ငါ အဆင်သင့်မဖြစ်သင့်ဘူး။

အတ္တလို့ပဲဆိုဆို ဒီအနှောင်အဖွဲ့တစ်ခုတော့ အဆုံးထိ တည်ချင်ခဲ့မိတယ် ...မဟုတ်ဘူး .. ဆက်ပြီး တည်နေချင်တယ်။

ငါ့ကို တုပ်နှောင်နိုင်တဲ့ အမြဲမြံဆုံး ကြိုးလေးမို့ ... ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့
အရှည်ကြာဆုံး သံယောဇဥ်လေးမို့. ..။

တောင်းပန်ပါတယ် စိတ်တစ်ခြမ်းပင်အောက်မှာ မြှုပ်နှံထားတာ အဖေ မဟုတ်ပဲ သမီးရဲ့ အမေပါလို့ မင်းအကြောင်းကို ငါ ပြောမပြရဲသေးဘူး ကြွေရုပ်ရယ်...။

တက်ကြွသော ခြေလှမ်းများဖြင့် စာသင်ခန်းထဲသို့ ဝင်လိုက်ပါသော်လည်း သူ့ကလေးသည် နေရာတွင် ရှိမနေပါ။

ရှည်လျားတဲ့ စနေ၊တနင်္ဂနွေကို ငါ ဘယ်လိုတောင် ဖြတ်ကျော်ခဲ့ရလဲ။ တနင်္လာနေ့ ရောက်ဖို့ ကြိုးကြိုးစားစား စောင့်ခဲ့ရတာကို။

“ဘာလုပ်တာတုန်းဟာ turorial လည်း မရှိပဲ တနင်္လာနေ့ကြီးကို ကျောင်းလာပြီး”

မနက်က ဖြတ်လာတုန်းကတော့ သေချာအောင် ကြည့်ခဲ့သေးသည်။ ဝရံတာမှ slide door အား ဖွင့်ထားသည်မို့ ပြန်ရောက်တာသေချာသည်။

“အဲ့လိုမှန်းသိ ဝင်ခေါ်ခဲ့ပါတယ်”

စိတ်ထဲက အတွေးသည် ရုတ်တရက် နှုတ်ခမ်းမှ ထွက်ကျသွား၏။ရွှေရည်ပုံ့ ဘာပြောနေလဲ သူ ဂရုမစိုက်။

တနင်္လာနေ့ ကျောင်းတက်လေ့မရှိတဲ့သူကို အတင်းဖုန်းနှင့် လှမ်းနိုးပြီး ကျောင်းတက်ခိုင်းတာက သူလား ငါလား။

“မျက်နှာက ငါ ပျက်ဖို့လည်း ထားပါအုံး ခင်ချမ်းမြေ့ရဲ့!!”

စောင့်အော်ချလိုက်တော့မှ ခန္ဓာနှင့် အသိကပ်သွားပုံရသည်။

“ဖြေးဖြေးပြောပါဟဲ့ ငါ တုန်တောင် သွားတယ်”

“ဘာတုန်တာလဲ သူ့ကြည့်တော့ဖြင့်”

ဆိုကာ ခေါင်းအစ ခြေအဆုံး တစ်ချက်ကြည့်ကာ နှုတ်ခမ်းမဲ့ပြ၏။

အော်...အားနေ ဒီ flat တာပဲ လာလာထိခိုက်နေ။

အတန်းထဲမှ ထွက်ရန် လှမ်းနေသော ခြေထောက်သည်ပင် အတန်းပြင်သို့ မချလိုက်ရ ကျောပိုးအိတ်မှ စောင့်ဆွဲကာ ချမ်း အားအထိုင်ခိုင်းလျက်

“နင် ကျောင်းသွားရအောင်ဆိုပြီး ငါ့ကို အတင်းနှိုးတာမလား လာ အတန်းတက်မယ်”

ကိုယ့်မိုက်ပြစ်နှင့်ကိုယ်မို့ ထိုင်နေလိုက်တာလည်းပါသည်..စာသင်ချိန် တစ်ချိန်ပြီးလျှင် မေပိုးဥကိုများ အတန်းထဲ ဝင်လာတာတွေ့ရမလားဆိုသည့် မျှော်လင့်ချက်လည်း ပါသည်မို့ ထိုနေ့က ညနေ ၃ နာရီအထိ သူ အတန်းချိန်အပြည့် တက်ဖူးခဲ့၏။

“အံမယ်လေး ခေါင်းတွေကိုက်လိုက်တာ”

“အဲ့တာကြောင့်လေ မလုပ်စဖူး ဘာလို့ အတန်းချိန်အပြည့်တက်လဲ”

“နင် အတင်းနှိုးပြီး တက်ခိုင်းလို့ပေါ့”

“ဘယ်တုန်းက ရွှေရည်ပုံ့က ငါ့စကား အဲ့လောက် နားထောင်သွားတာလဲ”

ပုံ့ပုံ့သည် ချမ်းအား ပြန်စကားနိုင်မလုတော့ပဲ ဟော့ဒေါ့ဆိုင်သို့သာ ဆွဲခေါ်သွား၏။

“ ၄ ချောင်းပေးပါ အန်တီ ခင်ချမ်းမြေ့ ရှင်းလိမ့်မယ်”

“ဘာလို့ ငါ ရှင်းရမှာလဲ"

“နင့်ကြောင့် အခု ငါ ဒီမှာ ရပ်နေရပြီး ဒီလို ခေါင်းကိုက်နေရတာလေ”

“ငါ့ကြောင့်ဒီမှာရပ်နေပေမယ့် ခေါင်းကိုက်အောင်က နင့်နင်လုပ်တာလေ”

“နင်တားခဲ့ပါလား အတန်းလစ်ရအောင်လို့ အဲ့လိုသာ တားခဲ့ရင် ငါ ဒီလို ခေါင်းကိုက်...”

“ရပြီ ရပြီ အန်တီ ဒီမှာ ဟော့ဒေါ့ဖိုး ၁၀၀၀”

မုန့်ရသည်နှင့် ရွှေရည်ပုံ့၏ ပါးစပ်သည် တိကနဲ ပိတ်သွား၏။ နောက်ရက်တော့ ဒင်းကို လုံးဝ မခေါ်ဘူး။

အပင်ပန်းခံပြီး တစ်နေကုန် အတန်းတက်ခဲ့ပါသော်လည်း မေပိုးဥအား သူ မတွေ့ခဲ့ရ။

ဖူးစာများ မပါလို့လား..။

ခေါင်းထဲ ရုတ်တရက် ဝင်လာသော အတွေးကြောင့် မိမိ စဥ်းစားဉာဏ်အား မိမိဘာသာ ဖြတ်ရိုက်ချင်သွား၏။ ဖွဖွ လွဲပါစေ။

“မမ”

စတိုးဆိုင်ထဲမှ ထွက်လာသော မေပိုးဥသည် ဘတ်စ်ကားပေါ်မှ ဆင်းလာသော သူ့အား အရင်နှုတ်ဆက်၏။

တစ်ချိန်လုံး အတည်ပြုချင်သည့် မေးခွန်းတစ်ခုဖြင့် မေပိုးဥအား တွေ့ချင်ခဲ့သော်လည်း တကယ်တမ်း မျက်နှာ မြင်လိုက်ရသည့်အချိန်မှာတော့ ပြုံးပြဖို့ အသိကိုတောင် အစရှာမရသည်အထိ သူ့ ဦးနှောက်၏ တုန့်ပြန်နိုင်စွမ်းတို့ ကျဆင်းလျက်ရှိသည်။

စတိုးဆိုင်ဖက် အခြမ်းမှနေ သူ ရှိရာဆီ ကူးလာသော ခြေလှမ်းလေးများသည် တစ်လှမ်းချင်း လှမ်းရင်းက တဖြေးဖြေး နီးကပ်လာနေသည်။

ထိုကလေး၏ ခြေလှမ်း တစ်ချက်ကြွတိုင်း နှလုံးသွေးသည် ၃ ဆ တိုး၏။ သူ့ ရှေ့တွင်တည့်တည့်ရပ်ကာ ခြေဖျားလေး ထောက်လျက် လက်နွေးနွေးလေးဖြင့် သူ့နဖူးအား စမ်းသပ်လိုက်၏။

“မမ ဖျားနေတာလား မျက်နှာက အရမ်းနီနေတယ်”

နားထဲ တိုးဝင်နေသော မေးခွန်းအား ကြားသော်လည်း ဖြေဖို့ကို ဦးနှောက်က အလုပ်မလုပ်။

ဟုတ်တယ်...အဲ့နေ့က ဒီလို နွေးနေတဲ့ လက်ဖောင်းဖောင်းလေးတွေပဲ..တစ်ပုံစံတည်း ငါ့ မျက်လုံးကို ကွယ်အုပ်ပြီး....။

သူ့ နှုတ်ခမ်း သူ ပြန်စမ်းရင်းက မျက်နှာနုနုသည် ပိုပိုပြီး နီရဲလာသဖြင့် ခရမ်းချဥ်သီးလေးနှင့်ပင် တူလာ၏။

You are reading the story above: TeenFic.Net