Part 13

Background color
Font
Font size
Line height

မှတ်မိသလောက် အဲ့နေ့က စပြီး
ငါ တံခါးတွေဖွင့်ဖို့ တွန့်ဆုတ်နေခဲ့မိတာ...

တံခါးတစ်ဖက်က ငိုသံကို မျက်နှာချင်းဆိုင် နားထောင်ဖို့ ငါ့မှာ အင်အားမရှိဘူး...
ဒါမှမဟုတ်.. ၁၄ နှစ်ကြာ ချည်နှောင်ထားတဲ့ ကံကြမ္မာနှောင်ကြိုးကို ဖြေလျော့ဖို့ ငါ အဆင်သင့် မဖြစ်သေးဘူးလို့ပဲ ပြောရမလား...။

မိနစ် ၂၀ လောက် တံခါးဝမှာ ဒီတိုင်း ရပ်နေမိတယ်။

ပခုံးမှာ လွယ်ထားရတဲ့ ဂစ်တာအိတ်ရဲ့ အလေးချိန်ကပဲ လေးလံစေသလား..ငါ့ကြောင့်ဆိုတဲ့ အပြစ်တင်တဲ့ ဝန်ကပဲ လေးလံစေသလား ငါ မဝေခွဲတတ်ဘူး။

သေချာတာတော့ ငါလေးလံနေတယ်...
ပင်ပန်းနေတယ်..။

ဘယ်လောက်ပဲ လေးလံနေပါစေ ပစ်ချလို့မရတဲ့အဆုံး နောက်ထပ် နောင်တတစ်ခုကို ပွေ့ဖက်ဖို့ ငါ တံခါးကို ဖွင့်လိုက်မိပြန်တယ်။

လူနာဝတ်စုံနဲ့ မမဟာ သူ့ဒူးလေးသူ လက်နဲ့ပိုက်လို့ အိပ်ရာခင်းဖြူဖြူပေါ် ကျုံ့ကျုံ့လေး ထိုင်ငိုနေခဲ့တယ်။ တံခါးဖွင့်သံကြားတာတောင် ငါ့ကို မော့ကြည့်မလာဘူး။

အသံအိုး ထိခိုက်မှုကြောင့် ထပ်ပြီး သီချင်းမဆိုနိုင် တော့ဘူးဆိုတဲ့ stress ကြောင့်လည်း ပတ်ဝန်းကျင်ကို သတိမထားမိတာ ဖြစ်နိုင်တယ် ဒါမှမဟုတ်လည်း မနေ့က အခန်းထဲမှာ စောင့်နေမယ်လို့ပြောပြီး တကယ်တမ်း သူပြန်ရောက်တဲ့အချိန် လူနာခန်းမှာ ငါ ရှိမနေလို့ စိတ်ကောက်နေတာလည်း ဖြစ်နိုင်တယ်။

ငါ သုံးရက်လောက် သူ့အနားမှာ ရှိမနေလို့လည်း ဖြစ်နိုင်တာပဲ။ ဘယ်လိုပဲ ဖြစ်ပါစေ နှစ်မျိုးလုံးဟာ ငါနဲ့သက်ဆိုင်တယ်။ မမ မျက်ရည်ကျရတဲ့ အကြောင်းအရင်းက ငါပဲမလို့...။

ဂစ်တာဖြူလေးကို ထုတ်ပြီး ကြိုးညှိတဲ့အထိ သူဟာ ရှိုက်ငင်နေတုန်းပဲ။ သူ့မျက်ရည်ဥတွေ ကျကွဲနေတုန်းပဲ။

~ အကြင်နာမျက်ဝန်းမှာ.. စိုနေပြီ မျက်ရည် ~

မျက်ရည်နှင့် ပြည့်နေသည့် မျက်ဝန်းညိုလေးများသည် ချမ်း ထံရောက်လာ၏။ နူးနူးညံ့ညံ့ ပြုံးလျက် သူ သံစဥ်ကို ဆက်တီးခတ်သည်။

~ နောင်ဆို ဒါမျိုး မဖြစ်အောင်
   ဖြေသိမ့်ပေးချင်  တယ်
   အိုမေရေ...မငိုတော့နဲ့ ပူပန်မနေပါနဲ့...
   ကြင်နာသူရေ ...မင်းလေး ရှိုက်ငိုတိုင်း
   ငါပါ ကြေကွဲ ငါလည်း ဝမ်းနည်း ~

ခံစားချက် ထည့်လိုက်လို့ မျက်ရည်ဝဲတက်လာတာမဟုတ်မှန်း ချမ်း,ကိုယ်ချမ်းတော့ သိသည်။မျက်တောင်တွေကို ခပ်မြန်မြန် လှုပ်ရှားစေလျက် မျက်ရည်တွေ လွင့်ပြယ်အောင် လုပ်ရ၏။သူပါ ငိုနေရင် မမကို ဘယ်လို ချော့တော့မလဲ။

ဂစ်တာဖြူလေး ဘေးချလျက် ရှည်သွယ်သွယ်လက်ချောင်းတွေဖြင့် မမပါးကို ထိလျက် မျက်ရည်စတို့ ဖယ်ပေးလိုက် သည်။

နေကြာပန်း၏ ပွင့်ဖတ်တွေလို ဝါဝါဝင်းဝင်းကလေး ဖြစ်ခဲ့သော အသားအရည်တို့သည် ယခုအခါ အတော်ပင် ဖြူဖျော့လျက်ရှိနေသည်။

နုထွေးအိစက်သော ဆံနွယ်ရှည်တို့သည် မဖြီးသင်ရသေးသောကြောင့်ထင် ရှုပ်ပွပွလေးဖြစ်နေသည်။

“အရင်ဆုံး ဆံပင် ရှင်းကြမလား မမ”

ဘာမှ ပြန်မဖြေပဲ မျက်ဝန်းညိုလေးများဖြင့်သာ ချမ်းကို ငြိမ်ငြိမ်ကလေး ကြည့်နေသည်။

ပြတင်းပေါက် ဖွင့်ထားသဖြင့် အလင်းရောင်ကောင်းကောင်းရသလို လတ်ဆတ်သည့် လေညှင်းသည်လည်း ဆံနွယ်ရှည်တို့ကို ရစ်ပတ်လျက် ချော့မြူလျက်ရှိသည်။

တယုတယ ဖြီးသင်ပေးရင်းက နောက်ဆို ဒီဆံနွယ်ရှည်တွေဆီမှာ ငြိတွယ်ခွင့်မရှိတော့မှန်း သတိရသွားတော့ မျက်ရည်က အလိုလို လျှံမိပြီးသား။

“ချမ်း ကျစ်ဆံမြီး ကျစ်ပေးမလား”

အသံအေးအေးက နားထဲတိုးဝင်နေပေမယ့် ဦးနှောက်က တုန့်ပြန်ဖို့ အလုပ်မလုပ်။

လွန်ခဲ့သည့် ၃ ရက်က အတွေးတွေထဲ ချမ်း ပိတ်မိနေခဲ့သည်။

ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ရက်တိုတိုအတွင်း ချနိုင်ဖို့ ငါ တကယ် အများကြီး ကြိုးစားခဲ့ရတာပါ...
အဲ့နေ့...မမ ခေါင်မိုးပေါ်က ခုန်ချဖို့ လုပ်တဲ့နေ့...
အဲ့နေ့မှာပဲ ငါ နားလည်လိုက်တယ်.. .
နောက်ဆုံးတော့ ငါ ပိုင်ဆိုင်ခဲ့တဲ့ ၁၄ နှစ်ကြာ ကံကောင်းခြင်းလေးကို ငါ စွန့်လွှတ်ရတော့မယ်ဆိုတာ။

နားလည်ပေမယ့် လက်ခံနိုင်ဖို့တော့ အချိန်လိုသေးတယ် မလား။အမှန်တိုင်း ဝန်ခံရရင် ငါ ကိုယ်တိုင်ပဲ ဖျက်ဆီးမိလိုက်တဲ့ ငါ့ရဲ့ကံကောင်းခြင်းလေးကို ဒီရက်တွေထဲ တကယ် မျက်နှာချင်း မဆိုင်ချင်ခဲ့ပါဘူး။

တစ် ရာခိုင်နှုန်းစာတောင် မရှိတဲ့ထိ ငါ သံသယကင်းခဲ့တယ် တစ်ရာ ရာခိုင်နှုန်း ထက်တောင်ကျော်လွန်ပြီး ငါ ယုံကြည်ခဲ့တဲ့ ၊ ငါ ချစ်ခဲ့တဲ့ အမျိုးသမီးက ငါ့ရင်ကို ခွဲလိုက်တာတောင် မလုံလောက်ပဲ သူ့နောင်တကိုပါ ငါ့ဆီချန်ခဲ့သေးတယ်။

မေ့သွားတဲ့သူ့အတွက်တော့ အသစ်ဖြစ်နေပေမယ့် အစအဆုံး စက္ကန့်တစ်ခုစာလေးတောင် အလွတ်ရနေတဲ့ငါ့အဖို့တော့ နာလည်း နာရတယ် ချစ်လည်း ချစ်ရတယ် နောက်ပြီး မုန်း..အင်း..ငါ မမုန်းနိုင်ခဲ့ဘူး။

အရှုံးသမားလိုမျိုး နောင်တတပွေ့တပိုက်နဲ့ပဲ ပျော်မွေ့နေတဲ့ ငါဟာလည်း သနားစရာတော့ ကောင်းနေတယ်။

စိတ်မပြောင်းခင် မိုးရေစိုနေတဲ့ လက်တွေနဲ့ပဲ နံပါတ်စိမ်းဆီ ခေါ်လိုက်တယ်။ကျယ်လောင်ဆူညံ့တဲ့ မိုးသံကြားထဲမှာတောင် တစ်ချက်ချင်း ဝင်နေတဲ့ ဖုန်းသံကို ငါ ရှင်းရှင်းလင်းလင်း ကြားနေရတာကလည်း မုန်းစရာကောင်းတယ်။

“ဟယ်လို...”

၃ ရက်မြောက်နေ့ကျရင် ကွန်ပျူတာခန်းမှာပဲတွေ့ဖို့ ချိန်းဆိုပြီးတဲ့နောက် ငါဟာ တကယ် အရုပ်ကြိုးပြတ်ပဲ။

ငါ့မှာ ဘာတစ်ခုမှ မရှိတော့သလိုမျိုး ဘာမှ ကျန်နေမခဲ့သလိုမျိုး လစ်ဟာသွားတယ်။ အဲ့နေ့က အိမ်ကို ဘယ်လိုပြန်ရောက်သွားလဲ ငါမသိဘူး။

လုံလုံလောက်လောက် မိုးမိခဲ့တာတောင် ရေပန်းအောက်မှာ အကြာကြီး ထိုင်နေခဲ့တာတောင် အဖျားအနာမရှိ သုံးရက်မြောက်နေ့မှာ ငါဟာ ကွန်ပျူတာခန်းရှေ့မှာ ရပ်လျက်ရှိနေတယ်။

မလိမ်ပဲ ဖြေရရင် ချိန်းဆိုမှုအတွက် နောင်တရခဲ့တယ်။ ခပ်ထေ့ထေ့အပြုံးနဲ့ မထီမဲ့မြင် မျက်နှာထားဟာ ငါ့ရှေ့မှာ ပေါ်လာတဲ့အချိန်မှာတော့ ပြန်ပြင်လို့ မရတော့ဘူးဆိုတာ ငါ နားလည်လိုက်တယ်။

“နင်ပြောတဲ့ အပေးအယူ...ငါ လုပ်မယ်”

တုန်လှုပ်ပြီး ထွက်ကျလာတဲ့ စကားမဟုတ်ပေမယ့် ငါ့ မျက်နှာမှာ သွေးရှိမနေတာတော့ သေချာတယ်။သုံးရက်လောက် စိတ်ကို ပြင်ဆင်ခဲ့ပေမယ့် တကယ့်တကယ်တမ်း လုံလောက်တဲ့ အချိန်မဟုတ်မှန်း ငါသိနေခဲ့တယ်။

ငါက တွေဝေလေ မမအတွက် အသံအိုးပြန်ကောင်းနိုင်တဲ့ ရာခိုင်နှုန်းက လျော့ကျလေမို့...ထုံးစံအတိုင်းပဲ ဒုတိယ အနေနဲ့ ရွေးချယ်စရာ ငါ့မှာ မရှိခဲ့ဘူး။

“အဲ့တော့ သူ့နားမှာ နေဖို့ အရည်အချင်း မပြည့်မှီဘူးဆိုတာ လက်ခံလိုက်တယ်ပေါ့”

တမင် တိုက်ခိုက်လိုလို့ ပြောတဲ့စကားမှန်းသိနေပေမယ့် ငါ့မှာ တကယ်ကို ထိထိခိုက်ခိုက် နာကျင်ရပါတယ်။

“ကြည့်လို့ကောင်းသားပဲ အသဲခိုက်အောင် နာနေတဲ့ အဲ့ဒီ မျက်နှာက  ဒါပေမယ်... မလုံလောက်သေးဘူး”

“ဘာက မလုံလောက်တာလဲ”

“နင့် နာကျင်မှုက ငါ့ကို စိတ်ကျေနပ်စေဖို့
မလုံလောက်ဘူး”

“လိုရင်းက...”

“လိုရင်းလား... ဒီ့ထပ်ပိုပြီး ခယကြည့်ပါလား 
  ဥပမာ..ဒူးထောက်ပြီး
  ရိုရိုကျိုးကျိုး တောင်းဆိုတာဖြစ်ဖြစ်”

ရိုက်ဖို့ရွယ်လိုက်သည့် ချမ်း၏ လက်သည် လေထဲမှာပင် ရပ်တန့်နေသည်။

“နင့်မှာ ရိုက်နိုင်တဲ့ အရည်အချင်းမရှိတာ ကံကောင်းသွားတယ် တကယ်လို့ နင့်လက်သာ ငါ့ပါးပေါ် ကျခဲ့ရင် အသံအိုးကုသမှုအတွက် ငါ စိတ်ပြောင်းသွားမလား မပြောတတ်ဘူး”

စူးစူးရဲရဲ ကြည့်နေသော ချမ်း၏ အကြည့်တို့သည် သူ့အတွက် ကျေနပ်မှု ဖြစ်နေသလားတော့ မပြောတတ်။

“နင်သိလား ငါ့အတွက် နေခြည်နှင်းထက်လို မိန်းမလှလေးတွေ အများကြီး ရနိုင်တယ်ဆိုတာ”

ချမ်း ထိုသူ့ကော်လံစကို ဆွဲကိုင်လိုက်သည်။ ဟက်ကနဲ တစ်ချက်ရယ်လျက် ချမ်း၏လက်ကို စောင့်ကာဖြုတ်ချ လိုက်သည်မို့ နာကျင်မှုသည် လက်နုနုလေးများဆီမှာ။

ခြေလှမ်းများသည် ကွန်ပျူတာခန်းထဲမှ ထွက်ရန် တံခါးဝသို့ ဦးတည်နေပြီမို့

“တောင်းပန်ပါတယ် မမ အသံအိုးကို ကုပေးပါ”

လက်ချောင်းလေးများ ကျစ်နေအောင် ဆုပ်ကာ ဒူးထောက်ထားလျက်က တောင်းဆိုလိုက်သည်။

နာကျင်ရပါ သည်..အသည်းခိုက်မတတ် တကယ့်ကို နာကျင်ရပါသည်။

ခြေလှမ်းများသည် ချမ်း ထံသို့ ပြန်လှည့်လာ၏။

“ကြိုးစားမှုအတွက် အသိအမှတ်ပြုပါတယ်
  ဒါပေမယ့်...”

ချမ်း ရှေ့တည့်တည့် ရပ်လိုက်ကာ ချမ်းမျက်နှာနား ကပ်လျက်

“မလုံလောက်သေးဘူး”

ခင်ချမ်းမြေ့၏ သည်းခံနိုင်မှုသည် အတိုင်းအတာ ကုန်ပြီဖြစ်သည်။ ဝမ်းနည်းနေရာမှ ဒေါသဖက်သို့ ကူးပြောင်းလာသဖြင့် မျက်နှာနုနုသည် ပန်းရောင်သန်းလာ၏။ပန်းရောင်သန်းရာမှ နီလာရင်းက

“လုံလောက်အောင် ငါပါ အိပ်ပေးရမှာလား”

“ရူးနေလား ငါ့ကို ဘယ်လိုအကောင်ထင်နေလဲ”

ရုတ်တရက် ပြောချလိုက်သော ထိုစကားကို မင်းခန့်ကျော် မမျှော်လင့်ထားသည်မို့ အကြောက်အကန် တုန့်ပြန်မိသည်။ ဘာမှ မကြောက်တတ်တာ သိပေမယ့် တကယ်ကို မပြောရဲတဲ့ စကား မရှိဘူးပဲ။

ငါ့လူပျိုဘဝ က မမ အတွက်ပါနော်။ နင်ချစ်သလိုမျိုး ငါလည်း နေခြည်နှင်းထက်ကို ချစ်တဲ့လူပါ။ သူဘာမှ မမှတ်မိရင်တောင် သူမသိရင်တောင် သူ့အပေါ် သစ္စာပျက်တဲ့ အလုပ်မျိုး ငါ လုပ်မှာမဟုတ်ဘူး။

“ဒါဆို နင်ပြော .. နင် လုံလုံလောက်လောက် စိတ်ကျေနပ်တဲ့အထိ ငါ ဘာလုပ်ပေးရမလဲ”

“ဘာမဆို နင်လုပ်နိုင်လား”

ချမ်း နှစ်ခါမတွေးပဲ ခေါင်းငြိမ့်လိုက်သည်။

“ငါ နင့်လိုလူမျိုးနဲ့ တစ်နှစ်ထဲ ဘွဲ့တူတူမယူနိုင်ဘူး”

မယူနိုင်ရင် တစ်နှစ် out လိုက်လို့ ပြောချင်ပေမယ့်...တစ်နှစ်က ငါ့ကို out ခိုင်းတာလား။

အံ့ဩတုန်လှုပ်သည့် ချမ်းမျက်ဝန်းများကို မြင်ချိန်၌ ကျေနပ်အားရသည့် အပြုံးသည် မင်းခန့်ကျော် မျက်နှာပေါ်မှာ အထင်းသား။

“နားလည်လွယ်တဲ့ ဦးနှောက် နင့်မှာရှိသားပဲ”

ဖြစ်နိုင်ရင် မျက်စိရှေ့က ဒီအကောင်ကို ငါ ခုတ်ပိုင်းဖြတ်ပစ်လိုက်ချင်တယ်။

ငါ့တက်လမ်းကို စတေး ထောင်နန်းစံပြီးတော့ကို လုပ်လိုက်ချင်ပေမယ့် မမ အသံအိုးကုသဖို့ ကိစ္စရှိနေသေးတာမလို့ ငါ့ လူသတ်ချင် စိတ်ကို မနည်းချိုးနှိမ်နေရတယ်။

“ခက်ခဲနေရင် သေချာပြန်စဥ်းစားလို့ရတယ် ကျောင်းထွက်ခိုင်းနေတာလည်း မဟုတ်သလို ဖိအားပေးနေတာလည်း မဟုတ်ဘူး ငါ ဒီတိုင်း နင်နဲ့ တစ်နှစ်ထဲ တူတူ ဘွဲ့မယူချင်ရုံလေး....တကယ်လို့ မလုပ်နိုင်လည်း...”

ခနဲ့သည့် အပြုံးသည် မင်းခန့်ကျော်မျက်နှာတွင် တဖြေးဖြေး ရုပ်လုံးကြွလာသည်။ထို အပြုံးကို ဘာသာပြန် ရလျှင် ဘယ်လောက်ထိချစ်ပါတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ် လုပ်နေပြီး အခုတော့ စွန့်လွှတ်ဖို့ ခက်ခဲနေပြီမလားဆိုသည့် အပြုံးမျိုး။

“လုပ်ကိုလုပ်ရမယ်လို့ အမိန့်မပေးဘူးနော်
ပြန်စဥ်းစား...”

“နားမယ် ငါ ကျောင်းတစ်နှစ်နားပေးမယ်”

“WOW... တကယ် ရင်ထဲထိတယ် ခင်ချမ်းမြေ့”

လှောင်ပြောင်သည့် လက်ခုပ်သံသည် တိတ်ဆိတ်သည့် ကွန်ပျူတာခန်းထဲ ပဲ့တင်ထပ်နေသလားတောင် ထင်ရ သည်။

ဒေါသနှင့် အတူ လျှံတက်လာသော မျက်ရည်များသည် ပါးပြင်တစ်လျှောက် ဖြတ်သန်းစီးဆင်းလျက် ရှိသည်။

မင်းခန့်ကျော်သည် မတ်တပ်ရပ်လျက် သွားဖို့ပြင်နေရာမှာ ပြန်ထိုင်ကာ ဒူးထောက်ထားသည့် ချမ်း မျက်နှာအား အနီးကပ်ကြည့်လျက်

“အာ...ဟုတ်သား ဒီတစ်ခုကို ရှင်းပြဖို့ မေ့သွားတယ် ငါ့အဖေ ရာထူးနဲ့ ငါ့ကြွယ်ဝမှုအပေါ် ငါ ဂုဏ်ယူနေတယ်လို့ နင်ပြောတယ်နော် တကယ့် ဂုဏ်ယူမှုဆိုတာ ဒီလို အခိုက်အတန့်ကို ခေါ်တယ်”

ဟုဆိုကာ ချမ်းပါးပေါ်က မျက်ရည်တို့အား သူ့လက်ဖြင့် ခပ်ဖွဖွသုတ်လိုက်၏။

“သူငယ်ချင်း အချင်းချင်း အထင်လွဲနေရင်
  မကောင်းဘူးလေ”

“နင်...”

ဘယ်လို စကားလုံးမှ ဆက်မပြောနိုင်လောက်အောင် ချမ်း ဒေါသသည် ငယ်ထိပ်သို့ရောက်နေပြီ ဖြစ်သည်။ စိတ်ကို ပြန်လျှော့ချကာ မျက်လုံးမှိတ်လိုက်ပြီး သက်ပြင်းဖွဖွချလျက်

“အဲ့တော့ အပေးအယူ ဖြစ်ပြီလား”

တံခါးဝသို့ ရောက်နေသော ခြေလှမ်းများသည် တုန့်ကနဲ ရပ်သွား၏။

“နင်သာ ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်ပေါ့”

ခင်ချမ်းမြေ့ ဆတ်ကနဲ ထ ရပ်လိုက်၏။

“မလုံလောက်သေးဘူးလား နင် အရမ်း လွန်တာထက်ပိုနေပြီလို့ မထင်ဘူးလား”

“10%  မဟုတ်ပဲ သူ နောက်တစ်ကြိမ် စင်ပေါ် ပြန်တက်နိုင်တဲ့အထိ ငါ ရအောင်ကုမှာမလို့ နင်ပေးရတဲ့ တန်ကြေးက ထိုက်တန်ပါတယ်”

ဘာလဲ အဲ့ဒီ မျက်လုံးတွေက... လိမ်နေတာမဟုတ်ပဲ တကယ် အတည်ဆိုတဲ့...မျက်လုံးတွေ။

နှစ်ယောက်လုံး ကွန်ပျူတာခန်းထဲက ထွက်သွားတော့မှ မေပိုးဥ နားကြပ်ကို ဖြုတ်လိုက်သည်။

မျက်နှာမမြင် လိုက်ရသော်လည်း ထိုမိန်းကလေး၏ အသံကို မေပိုးဥ မှတ်မိသည်။ဆေးရုံ ခေါင်မိုးထပ်က အငိုသံလေး...။

တကယ်ကို ချစ်တတ်တဲ့ကောင်မလေးပဲ...သူ အရမ်းနာကျင်နေမယ် ထင်တယ်။

ထွက်မလို့ တံခါးကို ဆွဲလိုက်ပေမယ့် ...ဘာလဲ သော့ခေတ်သွားတာလား။ လူရှိတယ်လို့ အော်ရင် ကြားနိုင်ပေမယ့် အော်လို့ကလည်း မဖြစ်။ နောက်နောင် ဘယ်တော့မှ ကွန်ပျူတာခန်းမှာ လာမအိပ်တော့ဘူး ငါ တကယ်ကျိန် တယ်။

“ဟယ်လို မိသင်းရေ ငါ့ကိုထုတ်ပေးပါအုံး”

“ကွန်ပျူတာခန်းထဲ ပိတ်မိပြန်ပြီလား ငါနင့်ကို မပြောဘူးလား $*#£&+÷£&#¥*@+$....”

လုံလုံလောက်လောက် အဆဲခံပြီးချိန်မှာတော့ မေပိုးဥ အခန်းထဲက ထွက်လို့ရပြီဖြစ်သည်။

မင်းခန့်ကျော်နှင့် အပေးအယူလုပ်ထားသည့် အတိုင်း မမကို အလိမ်အညာတစ်ခု သူ ပေးရမည်။

“ဒီစကားက ငါ့နှုတ်က ပြောမှ ဖြစ်မှာလား နင်ပဲပြောလိုက်လို့ မရဘူးလား”

“ငါပြောလို့ ယုံမယ်ဆိုရင် နင့်ကို ပြောခိုင်းနေအုံးမလား”

ကိုယ့်အတွေးထဲ ကိုယ် ပိတ်မိနေသည့် ချမ်းအား လက်ကို လှုပ်လျက်

“ချမ်းးးးးး”

ဟု မမက ကျယ်ကျယ်ကလေးအော်တော့မှ ချမ်း အသိဝင်လာ၏။

“ဆောရီး မမ ဘာပြောလိုက်တာလဲ”

“ကျစ်ဆံမြီး ကျစ်ပေးမလားလို့ မေးနေတာလေ”

“မမ က ကျစ်ချင်တယ်ဆိုရင်ပေါ့”

အလိုလိုက်တဲ့ သဘောနှင့် နူးနူးညံ့ညံ့ ပြောတော့မှ မမ စိတ်ပြေပုံရသည်။

“ဘာတွေတွေးနေတာလဲ မမ ခေါ်တာ ကြာလှပြီ”

“မမ တကယ် သီချင်းပြန်ဆိုချင်လား”

လက်ကနဲ ဖြစ်သွားသော မျက်ဝန်းညိုလေးများဖြင့်ပင် ချမ်း အဖြေကို မလိုတော့။

“ချမ်း အခုပြောပြမှာကို
သေချာနားထောင်နော်........”

ယုံတမ်း ပုံပြင်တစ်ပုဒ်ပြောသလို မင်းခန့်ကျော်နှင့် မမရဲ့ ချစ်ဇာတ်လမ်းကို ကြိုတင်ဇာတ်တိုက်ထားသည့် အတိုင်း ချမ်း ပြောပြလိုက်၏။

မမသည် ငြိမ်ငြိမ်ကလေး နားထောင်နေ၏။

တစ်ခုခု ပြန်မေးမှာကို ချမ်း ကြောက်၏။ ဇာတ်တိုက်ထားတဲ့ထဲမှာ မပါတာတွေ မေးလာရင် သူ ဘယ်လိုဖြေရမလဲ တကယ် ဒုက္ခရောက်လောက်မယ်ထင်တယ်။

“ချမ်းကရော...”

“ဟင်...”

“ချမ်းကရော မမရဲ့ဘာလဲ”

မမျှော်လင့်ထားတဲ့ မေးခွန်းမို့ ခင်ချမ်းမြေ့ ရုတ်တရက် တုန့်ပြန်နိုင်စွမ်းကျသွား၏။

တခြားသူ တစ်ယောက်နဲ့ အကြောင်းကို ပြောပြနေပေမယ့် မမက ချမ်း အကြောင်းကိုပဲ သိချင်သည်တဲ့လား။ မှတ်ဥာဏ်တွေ ပျောက် သွားတာတောင် မမ နှလုံးသားထဲမှာတော့ သူ ပျောက်မသွားသေးဘူးထင်တယ်။

အရမ်းကို သေးငယ်တဲ့ ပျော်ရွှင်မှုလေးပေမယ့် တကယ်ကို လုံလောက်ပါတယ်။ ပေးရတဲ့ တန်ကြေးနဲ့ ထိုက်တန်ပါတယ် မဟုတ်ဘူး ထိုက်တန်တာထက် ပိုပါတယ်။

“ချမ်းက ဒီတိုင်း... မမရဲ့ ညီမလေးပေါ့ ၄ နှစ်လောက်ကတည်းက မမနောက်ကို တောက်လျှောက်လိုက်ခဲ့တဲ့ ပိစိလေးပေါ့”

“တောက်လျှောက်လိုက်ခဲ့တာလား ဘာလို့လဲ”

“နေကြာပန်းနဲ့တူလို့လေ”

“ချမ်းက နေကြာပန်းတွေကြိုက်တာလား ဘာလို့လဲ”

“မမနဲ့တူလို့လေ...”

တမြတ်တနိုး ကျစ်ပေးထားသော ကျစ်ဆံမြှီးလေးအား နေကြာပန်းပွင့်ပါသည့် ခေါင်းစည်းကြိုး အနက်ကလေးဖြင့် စည်းနှောင်ပေးလျက် မမ ကြိုက်ခဲ့ဖူးသည့် သီချင်းတွေ ထိုနေ့က သူတီးပြခဲ့သည်။

စိတ်ကိုပြင်ဆင်ထားပေမယ့်လည်း တကယ်တမ်း ခွဲရမည်ဆိုတော့ ချမ်း အဆင်သင့် မဖြစ်သေးပါချေ။

ဆံသားနက်နက်တွင် ချည်နှောင်ထားသော နေကြာပန်းပုံ ခေါင်းစည်းကြိုးလေးအား ဖြေလျက် ဘယ်ဖက် လက်တွင် ပတ်ပေးကာ

“မငိုပါနဲ့ ချမ်းရဲ့ မမက အမြန်ပြန်ခဲ့မှာမို့
မမကို စောင့်နေနော်”

မျက်ရည်သုတ်ပေးသည့် လက်ဖဝါးနုနုလေးထံ ပါးအပ်ကာ

“မမက တကယ် ငါ့ကို စောင့်စေချင်တာလား”

“အင်း ...”

လှိုက်တက်လာသည့် ဝမ်းနည်းမှုကို ချမ်း ထပ်ပြီးချုပ်ထိန်းနိုင်စွမ်းမရှိတော့။ ခုတင်ပေါ်မှ ခြေထောက်ချကာ ထိုင်နေသည့် မမပေါင်ပေါ် မျက်နှာအပ်ကာ ငိုမိတော့သည်။

“ချမ်းက နေကြာပန်းတွေ သဘောကျတယ်မလား...နေကြာပန်းက နေမင်းကြီးကို မျှော်ကြည့်နေသလိုမျိုး ချမ်းဆီ ပြန်လာမယ့် ဒီနေခြည်လေးကို စောင့်နေပေးလေ...”

မျက်ရည်တွေနှင့် နေခြည်နှင်းထက်အား မော့ကြည့်လာသည့် ကလေးငယ်၏ နှာဖျားလေးသည် နီစွေးစွေးကလေး ဖြစ်လို့နေသည်။တယုတယ မျက်ရည်သုတ်ပေးရင်းက

“နေကြာပန်းရဲ့ အဓိပ္ပါယ်က ပျော်ရွှင်ခြင်းမလို့ ပြုံးပြုံးရွှင်ရွှင်လေး နေ့ရက်တိုင်း ဖြတ်သန်းရင်း မမကို စောင့်နေရမယ်နော်...စောင့်နေမယ်မလား...”

“အင်း...”

အင်းလို့ဖြေသော ထိုအသံသည်ပင် ငိုသံတစ်ဝက် ယှက်လျက်ရှိသည်။

စောင့်နေပါလို့ ပြောလို့ ငါ စောင့်နေခဲ့ပေမယ့် ငါ့ဆီ တစ်ခါမှ မဆက်သွယ်ခဲ့ဘူး။

Missed Call တစ်ခုအစား စေ့စပ်ကြောင်းလမ်းကြောင်း ဖိတ်စာတစ်စောင်ပဲ တစ်နှစ်ကျော်အကြာမှာ ငါ့အိမ်ရောက်လာခဲ့တယ်။

လူရော စိတ်ရော ပင်ပန်းနေတဲ့ ငါ့ကို မကြည့်ရက်လို့ အမေရော၊အကိုကပါ အိမ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ စေ့စပ်ပြီးနောက်မှ ဆက်တိုက်ဝင်လာတဲ့ ဖုန်းတွေကို ပြန်ဖြေဖို့ ငါ အားမရှိတာမို့ တစ်မိသားစုလုံး ဖုန်းနံပါတ် က အစ အသစ်ပြန်ပြောင်းလိုက်ရပြန်တယ်။

နှစ်နှစ်တာ ကာလတစ်လျှောက်လုံး ငါ့ကြောင့်ဆိုတဲ့ အပြစ်တင် စိတ်နဲ့ ကိုယ့်ကိုယ်ကို ပိတ်မိနေခဲ့တာမလို့ ဘယ်လောက်ပဲ ထွက်ပြေးထွက်ပြေး ငါ ထွက်ပေါက်ကို ရှာမတွေ့သေးဘူး ဖြစ်နေတယ်။

ခက်ခက်ခဲခဲ ထွက်ပြေးနေရသေးတာတောင် ... ခက်ခက်ခဲခဲ ထွက်ပေါက်ကို ရှာဖွေနေရတုန်းပဲ ရှိသေးတာတောင် ဘာလို့ ငါ လွတ်မြောက်တဲ့အထိ မစောင့်ပေးရတာလဲ။

ဘာလို့အမြဲတမ်း ငါ့ကို အခွင့်အရေးမပေးရ တာလဲ။

ဘာလို့ နည်းနည်းလေးပိုပြီး မစောင့်ပေးပဲ ...ငါ့ရှေ့မှာ ပြန်ပေါ်လာရတာလဲ။

အဆက်မပြတ်ခေါက်နေသည့် တံခါးသံသည် ယခုအချိန်ထိ ရပ်မသွားသေး။

“ချမ်း ခဏလေးပဲ ခဏလေးပဲ
မမကို တွေ့ခွင့်​ပေးပါ”

ဟင့်အင်း...မတွေ့ချင်ဘူး...မတွေ့ချင်တာမလို့ ကျေးဇူးပြုပြီး သွားပါ။

လက်သည်းချွန်ချွန်လေးများ နစ်ဝင် သည်အထိ နားနှစ်ဖက်ကို ပိတ်ထားသော်လည်း တံခါးအပြင်မှာ အသံကို ချမ်း ကြားနေရတုန်းဖြစ်သည်။

၂ နှစ်ဆိုသည့် အချိန်ကာလသည် ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ရာ ချမ်း အတွက် မလုံလောက်သေးပါချေ။

“၁၂ ရက်နေ့...ကော်ဖီဆိုင်မှာ မမ စောင့်နေမယ်”

တံခါးအောက်မှ စာရွက်ဖြူလေး တစ်ရွက်ဝင်လာသည်။ကော်ဖီဆိုင်၏ လိပ်စာဖြစ်သည်။မမသည် ချိန်းဆိုမှု တစ်ခုအား ချမ်းအတွက် ချန်ခဲ့ကာ ထွက်သွား၏။

စာရွက်ကို ကြည့်နေရာမှ တဖြေးဖြေး ဝါး၍လာသည်။ သူ့၏ အိပ်မက်ဆိုး ထဲ အိပ်မပျော်ပဲ ပြုတ်ကျခဲ့ရသည် မဟုတ်လား။

“ဒေါက်.. ဒေါက်...ဒေါက်...”

ငြိမ်းအေးစ စိတ်တို့သည် ပြန်၍ ထိတ်ကနဲ ဖြစ်သွားကာ ပိတ်ထားသော တံခါးအား လှည့်ကြည့်လိုက်မိ၏။

“မမ အဆင်ပြေလား မေပိုး..”

တံခါးအပြင်က အသံဆုံးသည်အထိ မစောင့်ပဲ ချမ်း တံခါးကို အလျင်စလို ဖွင့်လိုက်၏။

မြင်လွှာထဲ တိုးဝင်လာသည့် ဖြူလွှလွှ ပုံရိပ်လေးသည် မပီမပြင် ဝိုးတဝါးဖြစ်သော်လည်း သူ့စိတ်တို့ ငြိမ်းအေးဖို့ လုံလောက်၏။

ဖြူဖျော့ကာ မမ၏ မျက်နှာသည် ချောင်ကျလျက်ရှိသည်။ ကြည့်နေရင်းမှပင် မေပိုးဥ ရင်ခွင်ထဲ အိကနဲ ပြိုကျလာသော ကိုယ်လေးအား မနိုင်မနင်းဖြင့် ဖမ်းသိမ်းပေးရသည်။

“ဒီလိုဖြစ်နေမယ်ဆိုတာ သိသားပဲ...”

သတိလစ်သွားသော ချမ်း၏ ကိုယ်အား မနိုင်မနင်းဖြင့် အိပ်ခန်းထဲ ရွေ့ပြီးချိန်၌ မေပိုးဥ ချွေးပြိုက်ပြိုက်ကျနေပြီဖြစ်သည်။

“လူကြည့်တော့ အရိုးပဲ ရှိတာကို ဘာလို့ အဲ့လောက်လေးရတာလဲ”

မျက်ခုံး နှစ်ခု ထိလုမတတ်ကျုံ့ကာ လက်သီးလေးလည်း  ကျစ်နေအောင် ဆုပ်ထားသေးသည်မို့ ချမ်း အိပ်မက်ဆိုး မက်နေတာမှန်း မေပိုးဥ သိလိုက်၏။

လက်သီးဆုပ်လေးအား ဖြေးဖြေးချင်းဖြေကာ လက်ဖောင်းဖောင်းလေးများဖြင့် မမ၏ လက်သွယ်သွယ်တို့အား ယှက်သွယ်ထားလျက်

“အိပ်မက်ဆိုးတွေ မက်နေရင်တောင် ငါက လှုပ်နိုးပေးမှာမလို့ မကြောက်ပဲ အိပ်ရေးဝဝ အိပ်လိုက်နော်”

(အရှည်ကြီး up ​ပေးထားပါတယ်။ငါးရက်​လောက်​ပျောက်မှာမလို့ပါ🤧 ကိုဗစ်​တွေ ပြန်ဖြစ်​နေတာမလို့ ဂရုစိုက်ကြပါ ငါးရက်ကြာရင် အပိုင်းသစ်​လေးနဲ့ ပြန်လာခဲ့​ပါမယ်♥️)

You are reading the story above: TeenFic.Net