ပုံမှန်လျှောက်နေသည့် ခြေလှမ်းတွေနောက် ခပ်မှန်မှန် လိုက်ခဲ့သော်လည်း မျက်စိရှေ့က ကျောပြင်သည် ခါးသက်မှုနှင့် ပြည့်နှက်လျက်ရှိသည်။
နောက်ကျောပဲ မြင်ရတာတောင် ဒီလောက်မုန်းနေရင် မျက်နှာချင်းဆိုင် ပြီး ငါ စကားပြောနိုင်ပါ့မလား...ဒီတိုင်းပဲ အတန်းထဲ ပြန်သွားလိုက်ရမလား။
ပြန်ရမလားဆိုတာသည် စိတ်သက်သက်သာဖြစ်ပြီး တကယ့်တကယ်တမ်းတော့ ကျောင်းသားမရှိသည့် ကွန်ပျူတာခန်းအလွတ်ရှေ့သို့ ချမ်း ရောက်နှင့်နေပြီ ဖြစ်သည်။
သော့ကိုဖွင့်မည့် လက်တွေရပ်တန့်သွားတာသည် သော့ခတ်မထားသည့် အတွက်ဖြစ်သည်။ချိတ်ရုံချိတ်ထားသည့် သော့အားဖြုတ်ကာ ချမ်းဘက်လှည့်လျက်
“မဝင်ဘူးလား...”
ချမ်း ခြေထောက်ကို မရွှေ့မိ။
“ဒီမှာပဲ ပြောစေချင်တာလား”
သူပြောတာလည်း ဟုတ်သည်။လေးထပ်ဆောင် အပေါ်ဆုံးထပ်ဖြစ်၍ UNO ဝိုင်းတွေ စုလျက်ရှိသည်။ စိတ်မသက်မသာနှင့်ပဲ ချမ်း ကွန်ပျူတာခန်းထဲသို့ ဝင်လိုက်၏။
“ငါတို့ အပေးအယူ လုပ်ကြမလား”
“....”
“နေခြည်နှင်းထက်ရဲ့ အသံအိုး ကုသမှုအတွက် ကုန်ကျစရိတ်အားလုံး ငါပေးမယ် သူ နောက်တစ်ကြိမ် စတိတ်စင်ပေါ် ပြန်တက်နိုင်အောင် ငါလုပ်ပေးမယ် အဲ့အစား မင်းက...”
“သူ့နားက ထွက်သွားပေးရမယ်”
စကားဆုံးသည်အထိ မစောင့်ပဲ စိတ်မရှည်နိုင်စွာဖြင့် ဖြတ်ပြောလိုက်သော ချမ်းစကားကြောင့် မင်းခန့်ကျော် မျက်ခုံးတို့ ပင့်တက်သွား၏။
“ဦးနှောက်က အလုပ်လုပ်သားပဲ”
ဟုလည်း လှောင်ပြောင်မှုတစ်ဝက်ဖြင့် ချီးကျူးလိုက်သေးသည်။
“နင် အရမ်းသနားစရာကောင်းတာပဲ အကြိမ်တိုင်း ဒီစကားကလွဲပြီး နင့်မှာ တောင်းဆိုစရာမရှိဘူးပဲ”
ခပ်ထေ့ထေ့ ပြုံးနေသော မျက်နှာထားသည် တည်သွား၏။ စူးရှသော အကြည့်များတွင် ဒေါသငွေ့တို့ လျှံထွက် လျက်ရှိနေသည်။
ခင်ချမ်းမြေ့သည် အရှိုက်ထိအောင် ပြောတတ်လွန်းလှသည်။
သူ့စကားကြောင့် သွေးစောင့်တက်ကာ တစ်ဖက်မှ ဘာမျှ ပြန်မပြောနိုင်စဥ်
“ဒါနဲ့လေ ငါတော့ ဒီလိုတွေးမိတယ် ...အရူး အမဲသား စွဲသလို စွဲနေတဲ့ နင်က ... မမ မျက်ရည်ကျတာ ကြည့်ရက်နိုင်တဲ့အထဲ မပါတာ အသိသာကြီးပါ ငါ ... အပေးအယူမလုပ်တောင် နင် ကုပေးမှာ သေချာနေတာ ကို... ငတုံးပဲ နင့်အပေးအယူကို လက်ခံလိမ့်မယ်”
တည်နေရာမှာ မင်းခန့်ကျော်၏ မျက်နှာသည် ရဲတက်လာ၏။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ပင် ဒေါသကြောင့် တုန်ယင်စ ပြုချင်လာသည်။
“သူ ဘယ်လောက်ဝေးဝေး သွားချင်သလဲ နင် ပို့ပေးနိုင်တယ်ဆိုပြီး နင့်အဖေရဲ့ ရာထူးနဲ့ နင့်ကြွယ်ဝမှုအပေါ် နင် ဂုဏ်ယူနေပုံပဲ...ဒါပေမယ့် ခက်တာက...သူရောက်ချင်တဲ့ အကွာအဝေးက ငါ့အနားမှာလေ”
လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်သော အသံသည် ကွန်ပျူတာခန်းထဲ ပီပီသသ ပေါ်ထွက်လာ၏။ မိန်းမ တစ်ယောက်ကို ရိုက်လေ့မရှိတာမို့သာ စိတ်ကို ထိန်းနေရသည် ဒေါသသည် ငယ်ထိပ်တက်စောင့်နေပြီ ဖြစ်သည်။
ငါ ပထမဆုံး ရိုက်ဖူးတဲ့ မိန်းမလည်း ဖြစ်သွားနိုင်တာပဲ။ သူ့ဒေါသ သူ လျှော့ချနေသည့် အချိန်၌ ခင်ချမ်းမြေ့သည် အခန်းထဲမှ ထွက်သွားနှင့်ပြီ ဖြစ်သည်။
“အဟက်...အကြိမ်တိုင်း ဒီစကားက လွဲပြီး တောင်းဆိုစရာမရှိဘူးတဲ့လား .. နောက် တစ်ကြိမ် ဒီနေရာမှာ တောင်းဆိုရမယ့်သူက ဘယ်သူဖြစ်မလဲဆိုတာ သိချင်လွန်းလို့ ငါ မစောင့်နိုင်တော့ဘူး”
“တကယ့် ဂုဏ်ယူမှုက ဘယ်လိုမျိုးလဲဆိုတာ ငါ သေချာပေါက် နင့်ကို သင်ပေးမယ် ခင်ချမ်းမြေ့ မျှော်လင့် ထားလိုက်”
“ပြန်လာပြီလား ချမ်း”
“ဘာတဲ့လဲ”
“ခင်ချမ်းမြေ့ လှတယ်လို့ မကြာခဏ ဂုဏ်ဆာတတ်တာ သိပေမယ့် မေဂျာ king အထိပါလို့ မသိထားဘူး”
တစ်ယောက်တစ်ခွန်းထွက်လာသော မေးခွန်းများ၏ ဦးတည်မှုသည် တစ်ခုထဲဖြစ်သည်။ သေလိုက်ပါတော့ လား အထင်လွဲစရာရှားလို့ အဲ့သူတောင်းစားနဲ့မှ ငါ့ကို ပစ်မှားကြရလား။
“ငါ့မမနဲ့ တူတူရှိခဲ့တယ်ဆိုတဲ့လူ...အဲ့လူက”
ချမ်း ဆက်မပြောနိုင် မျက်ရည်တွေ ဝေ့တက်လာသည်။ဒေါသထွက်လွန်းလို့ ငိုချင်တာလား 10% သော ဖြစ်နိုင်ခြေလေးတောင် မမအတွက် မဖမ်းဆုပ်ပေးနိုင်၍ ကိုယ့်အသုံးမကျမှုအတွက် အားမရတာလားကိုယ့်ဘာသာ မဝေခွဲနိုင်။
“အဲ့လူက king လား”
“မေဂျာ king က video ထဲကလူလား”
“တကယ်ကြီး မင်းခန့်ကျော်လား”
အံ့အားသင့်နေကြသဖြင့် ချမ်းကို နှစ်သိမ့်ဖို့တောင် သူတို့ အုပ်စုမေ့နေကြသည်။ အမြဲ အတည်ငြိမ်ဆုံး ဖြစ်သည့် နန္ဒာက လက်ကိုင်ပဝါလေး ချမ်းဆီ လှမ်းပေး၏။ N ဟူသော စာလုံးလေးအား ခပ်စောင်းစောင်း ထိုးထားပြီးဘေးတွင် အသည်းပုံ လေးပါ ချည်ထိုးထားသေး၏။
အားရပါးရ ငိုပြီး နှပ်ချေးညှစ်ချလိုက်သော ချမ်းကြောင့် နန္ဒာ ကိုယ့်ရင်ဘတ်ကိုယ် လက်နှင့် ဖိလိုက်မိ၏။
“ အဲ့တာ ငါ့ ကောင်မလေး ချည်ထိုးပေးထားတာ”
မျက်ရည်ဝဲလုမတတ်ဖြစ်ပျက်သွားသော နန္ဒာ့ကို ကြည့်ပြီး ပုံ့ပုံ့က နှပ်ချေးပေနေသော လက်ကိုင်ပဝါကို ကျွတ်ကျွတ်အိတ်ဖြင့် အုပ်ကိုင်ကာ သေသေချာချာ စည်းလျက်
“ရော့ အိမ်ကျမှ ပြန်လျှော်လိုက်”
“နင်ကလည်း အလိုက်မသိ နည်းနည်းပါးပါးကြည့်ပါလား”
ဟု ချမ်းကိုပါ လှည့်ဆူသေး၏။
“အခု ဒီ အခြေအနေမှာ ငါ နှပ်ချေးလေး ညှစ်လိုက်မိတာတောင် နင်တို့ အပြစ်ဖွဲ့ရက်ကြတယ် ဖွဲ့ရက်နိုင်တယ်ပေါ့ နင်တို့...ငါ့ကို...”
ငိုချင်ရက် လက်တို့ဖြစ်ကာ မျက်ရည်ဘူးသီးလောက် ကျလာသဖြင့် နန္ဒာသည် ကျွတ်ကျွတ်အိတ်ထဲမှ လက်ကိုင်ပဝါကို ပြန်ထုတ်ကာ
“ရော့ ရော့ ... မငိုနဲ့ မငိုနဲ့ အကြိုက် ညှစ်ချလိုက် အချမ်းလေး”
“လဒမ...”
ဒီလိုအခြေအနေမှာတောင် အားမနာတမ်း ငါ့ကို ဆဲရက်တယ်နော်ဟု ပြောချင်ပေမယ့် ထပ်ငိုလျှင် ပေးစရာ လက်ကိုင်ပဝါ မကျန်တော့သည်မို့ နန္ဒာ ပါးစပ်ပိတ်ထားလိုက်ရ၏။
“အဲ့တော့ နင့်ကို ဘာပြောလွှတ်လိုက်လဲ”
“ဘာပြောရမှာလဲ နင့်ကိုကြိုက်လို့ မမကို လိုက်ခဲ့တာ ဘာညာနဲ့ မြန်မာကား ရိုက်နေမှာပေါ့”
“နင်ကချမ်းမလို့လား ပါးစပ်ပိတ်ထားစမ်း ရွှေရည်ပုံ့”
တစ်ယောက်နှင့် တစ်ယောက်မျက်စောင်းခဲရင်း သန္တာနှင့် ပုံ့ပုံ့သည့် ချမ်းပြောမည့် စကားအား နားထောင်နေကြသည်။
“သူပြောတာက......”
ရုတ်တရက် ဝင်လာသည့် ဖုန်းသံကြောင့် ပုံ့ပုံ့တို့ အုပ်စု အရှိန်တန့်သွားရ၏။ ကောင်းခန်းရောက်ရင် ကြော်ငြာက ဝင်ပြီ။
“ဟယ်လို..”
“ချမ်း...သမီးမမလေ...သူ...”
ထိုင်နေရမှာ ဝုန်းကနဲ ထရပ်လိုက်သည့် ချမ်းကြောင့် သုံးယောက်လုံး အကြောင်သားလေး ချမ်းအား ကြည့်နေကြသည်။
“သမီး အခုပဲ လာခဲ့မယ် အန်တီ”
အသံထက် ခြေလှမ်းမြန်သော ချမ်းသည် အခန်းပြင်သို့ရောက်ပြီးသားဖြစ်သည်။
“ဟဲ့ အိတ်လည်း ယူမသွားဘူး”
“ပိုက်ဆံမပါပဲ ဘာနဲ့သွားမှာလဲ”
“မြန်မြန်သိမ်းပြီး ပစ်ချပေးလေ တစ်ယောက်သွားအော်လိုက် ဝရံတာကနေ ချမ်း အိတ်ယူသွားဖို့”
“ချမ်း... နင့်အိတ်”
နန္ဒာခိုင်းသည့်အတိုင်းသာ ထွက်မအော်လျှင် လေးထပ်ဆောင်အောက် ရောက်နေသော ချမ်းသည် အိတ်မပါပဲ ကျောင်းရှေ့သို့ သွားတော့မှာ သေချာသည်။
ပစ်ချပေးသည့် အိတ်သည် ချမ်း လက်ထဲသို့ တည့်တည့်ရောက် ၏။ အလျင်စလို ထွက်ပြေးသွားသော ခြေလှမ်းတွေနောက် ပုံ့ပုံ့တို့ သုံးယောက် ငေးရင်းကျန်ခဲ့ကြ၏။
“ဟဲ့ ညလေ...ချမ်းဆီ သွားကြမလား ငါတို့”
“အင်း ဘီယာပါ ဝယ်သွားကြမလား”
“သွားတော့သွားရမှာပေမယ့် ဒီညတော့ နင်တို့၂ယောက် မသွားနိုင်လောက်ဘူးထင်တယ်”
ထိုစကားကြောင့် သန္တာနှင့်ပုံ့ပုံ့သည် နန္ဒာ့အား စူပုပ်ပုပ် ကြည့်၏။
“ငါ့ကို အဲ့လိုလာမကြည့်နဲ့နော် mid term အတွက် စာစုတာအပြင် Bank အကြောင်း presentation လုပ်ရမယ်လေ နောက်ပြီးနင် ပါမောက္ခက survey ကောက်ခိုင်းထားတယ်ဆို”
နှစ်ယောက်လုံး မျက်နှာ ရှုံ့မဲ့သွားကြ၏။
“ငါတို့ ဘေးမှာ မရှိလို့ အဆင်ပြေပါ့မလား ... ချမ်းလေ”
ရွှေရည်ပုံ့ အမှန်တကယ် စိုးရိမ်ပြီးပြောသည့်စကားအား နန္ဒာက
“ငါတော့ နင်တို့ မရှိတာပိုကောင်းတယ်ထင်တယ် လောင်နေပါတယ်ဆို ပြာကျတဲ့ထိ ဘေးကနေ ရှို့”
“သန္တာ နင့်အမကို ငါ့မျက်စိရှေ့က ခေါ်သွားလိုက်တော့ ငါ ၃လွှာကနေ ပစ်ချမိတော့မယ်”
“ဦးလေး ဒီ့ထက် မြန်ပေးလို့မရဘူးလား”
အလျင်လိုနေသော စိတ်ဆန္ဒအား ပြေးနေသော ကား၏ အင်ဂျင်ပင် လိုက်မမှီနိုင်။
“ဒီ့ထက် အရှိန်တင်ရင် တစ်နာရီ မိုင်၆၀နှုန်း ဖြစ်တော့မယ် သမီးရဲ့ ရောက်တော့မှာပါ”
ကားဆရာ ဦးလေး ဘယ်လိုပြောပြော ထိုစကားသည် ချမ်း နားထဲ မဝင်။ မီးခဲခုထိုင်ထားသလို ဖင်တကြွကြွဖြင့် ကားတံခါးဖွင့်ကာ ပျံသွားတော့မတတ် သူ လောနေ၏။
“ဦးလေး ကားမောင်းသက်တမ်းတစ်လျှောက် ဒီလမ်းကြောကို ၁၅ မိနစ်နဲ့မောင်းဖူးတာ ဒါပထမဆုံးပဲ ကဲ ရောက်ပါပြီဗျာ”
၁၀၀၀၀ တန် တစ်ရွက် လက်ထဲထိုးထည့်ပေးကာ
“ကားခဦးလေး ပြန်မအမ်းနဲ့တော့ ကျေးဇူး တင်ပါတယ်”
စက်သေနတ်ပစ်သလိုပြောကာ ထွက်ပြေးသွားသော ခြေလှမ်းများကို ကြည့်ပြီး အသက်မှီပါစေဟုသာ သူ တိုးတိုး ဆုတောင်းပေးလိုက်သည်။ အလျင်လိုနေသော မိန်းကလေးကတော့ သူ့ ဆုတောင်းကို မကြားသွားပါလေ။
ခေါင်မိုးထပ်သို့ ချမ်း တဟုန်ထိုး ပြေးတက်သွား၏။ ကျေးဇူးပြုပြီး သူ အချိန်မှီပါစေ။သူ့ ဆုတောင်းကို နားထောင်ပေးသည့် တစ်စုံတစ်ယောက် ရှိသေးသည်ပဲ ဆိုရမလား ...မမသည် ယခုထိ မတ်တပ်ရပ်လျက် ရှိနေသေးသည်။
ဆရာဝန်နှင့် သူနာပြုများသည် အနားတောင် မကပ်ရဲကြ။ မမ အမေဆို ရင်ဘတ်တဖိဖိဖြင့် ဖြူဖျော့နေရှာပြီ။
“မမ...”
မမသည် သူ့ကို လှည့်ကြည့်လာ၏။ တကယ့်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်းကလေး ပြုံးနေသေးသည်မို့ သူ ပို၍ ပူပန်လာ၏။
“မမ ငါ ရှိတယ်လေနော်...အဆင်ပြေသွားမှာပါ...ငါတို့ စကားပြောကြမယ်လေနော်”
ငိုလို့မဖြစ်ဘူးလို့ တစ်လမ်းလုံး ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါပြောလာပေမယ့် တကယ့်တကယ်တမ်း မျက်ရည်ကို သိမ်းဆည်းနိုင်သည့် ခွန်အား ချမ်းထံမှာ မရှိပါချေ။
လျှံတက်လာသော မျက်ရည်များသည် မေးဖျားမှ တစ်ဆင့် ကြမ်းပေါ်သို့ တစ်ပွင့်ချင်း ကြွေနေ၏။ သူ့နှလုံးသားသည် ထိုကဲ့သို့ တစ်စစီ ကြွေလုနီးပါး ဖြစ်သည်။
မမဒီအခြေအနေရောက်ရသည့် အဓိက တရားခံသည် သူ မဟုတ်လား။ အဲ့ညကသာ သူ hotel ကို မသွားခဲ့လျှင် ...မမကိုသာ မခေါ်ခဲ့လျှင်...မမ ပြောတာကိုသာ နားထောင်ပေးခဲ့လျှင်...။ဖန်တစ်ရာတေနေသော နောင်တများထဲမှ ယခုထိ သူ ရုန်းမထွက်နိုင်သေး။
မဟုတ်ဘူး ထပ်ပြီး နောင်တမရ,ရအောင် မမကို တားရမယ် အသိကပ် စမ်း ခင်ချမ်းမြေ့။ အရမ်းကြီးနောက်ကျသွားတာမဟုတ်သေးဘူး။မမက အခု မျက်စိရှေ့မှာ ရပ်နေသေး တယ်။
“ဘယ်စကားကို ပြောမှာလဲ သီချင်းထပ်မဆိုနိုင်လည်း ရပါတယ်ဆိုတာမျိုးလား”
မမ မငိုဘူး။ဒီတိုင်း အေးအေးဆေးဆေးလေးပဲ ပြောနေတာ။ငါပဲ မွန်းကျပ်ပြီး ပိတ်လှောင်နေတာ။ဒါမှမ ဟုတ် မလုံတဲ့ငါ့လိပ်ပြာကို မျက်ရည်တွေနဲ့ အကာအကွယ်ပေးနေမိတာ။
မျက်တောင်မခတ်တမ်း သူ့ကို ကြည့်နေပေမယ့် ငါ ဘာစကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။
“အကုန်လုံးအတွက် ရပေမယ့်...ငါ့အတွက်ရော...ငါ ရရဲ့လားလို့ ဘာလို့ မမေးကြတာလဲ”
မမကို အောက်ပြန်ဆင်းခဲ့ပါလို့ ဖျောင်းဖျရမယ့်အစား...မျက်ရည်တွေနှင့် ဒီတိုင်းငေးနေမိသည်။
ဘာလို့ မမ ရရဲ့လားလို့ မမေးမိလဲ သူ,မပြောတတ်...မမ မရတာ သူသိနှင့်ပြီးသားလည်း ဖြစ်နိုင်သလို ရင်ဆိုင်နေရပေမယ့် လက်ရှိအဖြစ်အပျက်တွေကနေ အိပ်မက်ဆိုးအဖြစ် နိုးထချင်နေသည့်အတွက်လည်း ဖြစ်နိုင်သည်။
“ဘာလို့လဲ .. .ချမ်းကပါ ဘာလို့ ငါ ရရဲ့လားလို့တောင်.. . ငါ့ကိုမမေးရတာလဲ”
“တောင်းပန်ပါတယ် ငါ မှားသွားပါတယ်.. .ငါ အရမ်း ငါ့ဖက်ပဲ ကြည့်လွန်းသွားတယ် အရင်ဆုံး အောက်ကို ဆင်းခဲ့ပါနော် အဲ့မှာ အန္တရာယ်များလွန်းတယ် အောက်ရောက်မှ ငါ့ကို စိတ်ပြေတဲ့အထိ ထုရိုက်အပြစ်တင် လိုက်လေနော်”
ချော့လည်း ချော့ရင်း ချမ်းသည် မမ အနားသို့ ဖြေးဖြေးချင်း တိုးသွား၏။
“နောက်တစ်လှမ်း ချမ်းက ထပ်လှမ်းရင် ငါလည်း ငါ့ခြေထောက်ကို တစ်လှမ်းတိုးလိုက်မှာနော်”
ချမ်း လှုပ်ရှားနိုင်စွမ်းမရှိတော့အောင် အကြောတွေ ထုံကျဥ်သွား၏။ နောက်တစ်ကြိမ် မျက်စိရှေ့မှာ မမကို သွေးတွေနှင့်သာ မြင်လိုက်ရလျှင်...ထပ်ပြီး သူ့ကြောင့်ဆိုလျှင်.. . သူ ဘယ်လိုမှ တောင့်ခံနိုင်စွမ်းရှိတော့မှာ မဟုတ်။ရူးသွားမှာသေချာသည်။
“သီချင်းမဆိုနိုင်ပဲ အသက်ရှင်ရတာ...မမအတွက် သေလူနဲ့ မခြားဘူးလား”
တော်တော်ကြာ တိတ်ဆိတ်နေပြီးမှ မမက ပြုံးလျက်
“အမြဲတမ်း ချမ်းကပဲ ငါ့စိတ်ကို နားလည်တယ်...မတားလို့ မရဘူးလား”
မမ အဖြေသည် သူ့ကို နှလုံးကွဲစေ၏။
သူ ပိုပြီး သိချင်မိတာသည် အတိတ်မေ့နေတာမဟုတ်ပဲ အရာအားလုံး မှတ်မိနေမယ်ဆိုလျှင် မမ ရွေးချယ်မှာသည် သံစဥ်မဲ့နေသည့် နေကြာပန်းကိုလား သို့မဟုတ် သူ ရူးသွပ်ခဲ့သည့် သီချင်းတွေကိုလား...။
အတိတ်မေ့နေတာမလို့ ဒီတိုင်း ငါ့တည်ရှိမှုက သက်မဲ့သံစဥ်တွေလောက် အရေးမပါ တာများလား။
“အင်း နားလည်ပါပြီ...မတားတော့ပါဘူး အဲ့အစား...”
“မဟုတ်ဘူးလေ ချမ်း သမီးမမကို တားပါအုံး..”
တစ်လျှောက်လုံး ငြိမ်နေသော မမ အဖေကပါ စိတ်ပူသွား၏။
“နေခြည် သမီးရယ် အဲ့လို မရူးမိုက်ပါနဲ့..မေမေ့ကို ရူးသွားတာ မြင်ချင်လို့လား နေခြည်နှင်းထက်”
ဘယ်သူ ဘာပြောနေနေ ချမ်း ဂရုမစိုက်။
မမက အနားကပ်မခံသဖြင့် အနားသို့လည်း သူမကပ်။မမနှင့် ၁၀ လှမ်းစာလောက် ဝေးသည့် ခြေရင်းဘက်သို့ လျှောက်လျက် သူပါ ဆေးရုံ ခေါင်မိုးထပ်၏ လက်တန်းဘောင် ကို ကျော်လိုက်၏။ မမ ဖက်သို့လှည့်ကာ...
“အဲ့အစား ငါပါ မမနဲ့ အဖော်လိုက်ခဲ့ပေးမယ်”
မမ့ မျက်ဝန်းညိုလေးများသည် သိသိသာသာ လှုပ်ခတ်လျက် ချက်ချင်းဆင်းလာကာ ချမ်းလက်ကို လာဆွဲချ၏။
မြန်ဆန်လွန်းသော အခြေအနေကြောင့် ချမ်းကိုယ့်အရှိန်ကိုယ်မထိန်းနိုင်။ အားနှင့်ဆွဲချခံလိုက်ရတာမို့ အောက်ကိုပုံကနဲ။ သို့သော် သူမနာ။မမသည် သူ့ကိုယ်လေးဖြင့် ချမ်းအား ကာကွယ်ပေးထား၏။
“မတော်တဆ အောက်ထိ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ”
မမသည် အလျင်ထရမည့်အစား ချမ်းအား ဦးအောင် ဆူ၏။စိတ်ပူနေသည့် ကြားမှ ချမ်း ရယ်မိသွား၏။
“အဲ့တာထက် မမ ဘယ်နားနာသွားလဲ ခေါင်းက ထပ်ပြီး ထိခိုက်လို့မဖြစ်တာကို”
အပြေးရောက်လာသော ဆရာဝန်များနောက် ဆေးစစ်ရန်လိုက်သွားရသော မမသည် ချမ်းအား လှည့်ကြည့် လှည့်ကြည့်ဖြင့် ပါသွား၏။
“လူနာအခန်းမှာ စောင့်နေမယ် ...” ဟု နှုတ်ခမ်းလှုပ်ရုံပြောတော့မှ စိတ်ချလက်ချ ခေါင်းငြိမ့်ကာ ရှေ့ကြည့် လျှောက်တော့သည်။
ချမ်း ဘေးမှာ ရပ်နေသော မမ၏ အမေသည် မမကို ကြည့်ပြီး သက်ပြင်းဖွဖွချ၏။
“သမီး ဆေးရုံတင်ရတဲ့နေ့က အရေးပေါ်ကားပေါ်မှာ တူတူပါလာတဲ့ ကောင်လေး...”
ချမ်း အန်တီ့ကို ကြည့်လိုက်မိ၏။မင်းခန့်ကျော်ကို ပြောနေတာများလား။
“အဲ့ကလေးက နေခြည့်ကို သီချင်းပြန်ဆိုနိုင်အောင် သူ ကုပေးမယ်လို့ပြောတယ်”
အန်တီသည် စကားစကို ရပ်လိုက်ကာ ချမ်းအား ကြည့်၍ ဆက်ပြောရမည်ကို တွန့်ဆုတ်နေပုံရသည်။
“သူနဲ့လက်ထပ်ခွင့်ပေးဖို့ပြောတယ်”
ချမ်း ကိုယ်ကို ယိုင်မသွားအောင် မနည်း ထိန်းမတ်လိုက်ရ၏။တကယ်ကိုပဲ သူ ဘာမှ မတတ်နိုင်ဘူးပဲ။
“ဒါပေမယ့် အခုလို့ဆိုလိုတာမဟုတ်ဘူးနော် နေခြည်နေပြန်ကောင်းတဲ့အချိန် အားလုံးကို ပြန်မှတ်မိတဲ့အချိန် ကျမှ သူလက်ထပ်ခွင့်တောင်းလို့ သမီးနေခြည်က လက်ခံတဲ့အခါ သူတို့ကို ခွင့်ပြုပေးဖို့ပြောတာ”
ချမ်း မျက်လုံးတို့ နောက်တစ်ကြိမ် မျက်ရည်နှင့်ပြည့်ရပြန်၏။ မမ၏ အမေသည် ချမ်း လက်လေးအား ဆုပ်ကိုင်ကာ
“သမီးနဲ့ သမီးမမကြားထဲလည်း အန်တီမပါချင်ဘူး အမေပီပီ ကိုယ့်သမီးလေးကို အကောင်းဆုံးတော့ ပေးချင်တာပဲ အန်တီ ဖိအားမပေးဘူး သမီးဘာသာ ဆုံးဖြတ် သမီးလည်း အန်တီ့လို သမီးမမကို အကောင်း ဆုံးတွေပဲ ပေးချင်မယ်ဆိုတာ အန်တီယုံတယ်”
ဟင့်အင်း...မဟုတ်ဘူး...မယုံပါနဲ့။ ကျေးဇူးပြုပြီး အဲ့လို မချည်နှောင်ပါနဲ့...တကယ်ရုန်းဖယ်ဖို့ အင်အားမရှိလို့ ပါ။
ပြိုကျလာသည့် မျက်ရည်တို့အား သိမ်းဖယ်ပေးမည့်သူ မရှိ။ဝေါကနဲ ရွာချလာသည့် မိုးရေတွေနှင့်အ ပြိုင် သူ့မျက်ရည်တွေ စီးဆင်းခွင့်ပေးလိုက်မိသည်။
ကျယ်လောင် ဆူညံသော မိုးသံသည် နေကြာပန်း၏ မျက်ရည်ကြွေသံတွေ မဖြတ်သန်းနိုင်သည့် အကောင်းဆုံး ကြားခံနယ်တစ်ခုဖြစ်ခဲ့သည်။
သို့သော် ထိုခေါင်မိုးထပ်တွင် နေကြာပန်း၏ မျက်ရည်ကြွေသံကို ငြိမ်ငြိမ်ကလေး နားထောင်နေသော တိမ်စိုင်လေး တစ်ခုရှိခဲ့သည်ကိုတော့ ထိုတိမ်စိုင်ဖြူလေးမှလွဲ မည်သူမှ သတိမပြုမိလိုက်ကြ။
ဘယ်သူမှ
မမြင်စေချင်ဘူးထင်လို့
အလိုက်တသိ ပုန်းကွယ်ပေးခဲ့တာပဲ...
ဘဝတစ်လျှောက်လုံး
ပုန်းကွယ်ရတော့မယ်မှန်းသာ သိရင် ..
အဲ့နေ့က
တခြား ရွေးချယ်မှုကို
လုပ်ခဲ့ကောင်းလုပ်ခဲ့နိုင်ပါရဲ့...။
You are reading the story above: TeenFic.Net