“ဘာပြောလိုက်တယ် နေခြည် ...နေခြည် တကယ်ပဲ ကိုကို့ကို မသိဘူးလား”
ခပ်လေးလေး ခါပြလိုက်သော ဦးခေါင်းလေးသည် အခုထိ ခြေရင်းမှာ ရပ်နေသော ချမ်းဆီ မလှည့်သေးပါချေ။
မမက သူ့ကို မမှတ်မိတော့တာ ဝမ်းသာပေမယ့်...ငါ့ကိုပါ မေ့သွားရင်ရော...။
မမရဲ့မိဘတွေကပါ အသည်းအသန် တိုးဝှေ့ပြီး ဒါဆို မေမေ့ကိုရော၊ဖေဖေ့ကိုရော သိရဲ့လား လုပ်နေချိန် ချမ်းကတော့ ခြေလှမ်းတွေ တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေမိသည်။
ငါ မသိချင်ဘူး...မမ ငါ့ကို မသိတော့ဘူးဆိုတာမျိုး...ငါ..မသိချင်ဘူး..။
ရုတ်တရက် ပခုံးကနေ ဖိကိုင်ခြင်းခံလိုက်ရကာ သူ့ခြေလှမ်းတွေအား မမ အနီးနားသို့ ရွေ့စေသည်။
“ဒါဆို သူ့ရော သူ့ကိုရော နေခြည်မှတ်မိလား”
ပခုံးကို ဖိကိုင်ထားသည့် လက်အား ရုန်းဖယ်ဖို့ထက် ...
တောင်းပန်ပါတယ်... မပြောပါနဲ့...
ကျေးဇူးပြုပြီး...မသိဘူးလို့ ခေါင်းမခါလိုက်ပါနဲ့....
ခပ်ဖြေးဖြေး ငြင်းထုတ်မှုလေးအောက် ချမ်း နားတို့ အူတက်လာသည်။မျက်စိတွေပင် ပြာချင်လာသည်။
“ဆရာ သူ ဘယ်လောက်ကြာကြာမေ့နေမှာလဲ”
ထိုသူ သိချင်သည့် မေးခွန်းသည် ချမ်းကြောက်သည့် ဒုတိယမေးခွန်းပင်။
“ဦးနှောက်ကို ထိခိုက်မိတာ ပြင်းထန်တာမလို့ ပြန်မှတ်မိဖို့ ခဲယဥ်းပါတယ် ဘယ်တော့မှ မမှတ်မိတော့တာလည်း ဖြစ်နိုင်ပါတယ် ဒါပေမယ့်...”
ဆရာဝန်၏ ဒါပေမယ့်သည် ထိုအချိန်တွင် ချမ်း အတွက် ကောက်ရိုးတစ်မျှင်ဖြစ်သည်။
“လူနာက သူ့သီချင်းတွေကို ကောင်းကောင်း မှတ်မိနေသေးတာမို့ ပြန်မှတ်မိကောင်း မှတ်မိလာနိုင်ပါတယ် လူနာရဲ့ ကံပါပဲ”
“ဘယ်လိုလုပ်ပေးရင် ပြန်မှတ်မိလာနိုင်မလဲ ဆရာ”
“အရင်တုန်းက အကြောင်းတွေ များများပြောပြပေး သူ့သီချင်းတွေ နားထောင်ခိုင်းရင်း အဲ့သီချင်းဆိုတုန်းက အဖြစ်အပျက်တွေ ပြန်ပြောပြပေးကြည့်ပါ”
“မှတ်ဉာဏ်ပြန်ရဖို့ထက် အခုက ခန္ဓာကိုယ် ပြန်ကျန်းမာလာဖို့ကိုပဲ အရင်ဦးစားပေးပါလို့ အကြံပေးပါရစေ”
“ပေးထားတဲ့ ကတိကို မှတ်မိတယ်မလား”
မမ မိဘတွေနှင့် ဆရာဝန် အပြန်အလှန် ဆွေးနွေးနေခိုက် ထိုသူက ချမ်း နားနားသို့ ကပ်ကာ သတိပေးသည်။
သူက ဘာမလို့ အမိန့်ပေးနေတာလဲလို့ ပြန်ကန်ချင်ပေမယ့် မမရဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးစေခဲ့တဲ့ တရားခံ၊မမ အခုလို လူနာကုတင်မှာ လှဲနေရသည့် အကြောင်းအရင်း၊ထိုအရာ အားလုံးသည် ချမ်း ကြောင့် ဆိုသည့် အတွေးနှင့် ချမ်း တိတ်တိတ်လေး ထွက်လာခဲ့သည်။
မေ့သွားလည်း ရပါတယ် အသက်ရှင်နေပေးတာနဲ့ပဲ လုံလောက်နေပြီလို့ ဖြေသိမ့်နေရပေမယ့် နည်းနည်းလေးမှ မလုံလောက်ကြောင်း တဆစ်ဆစ်နာကျင်နေသည့် နှလုံးသားက သတင်းပို့နေသည်။
“ဟေ့ ပိုက်ဆံထည့်အုန်းလေ”
ကိုယ့်ဘာသာတောင် ဘယ်က ဘယ်လို ကားပေါ်တက်လိုက်မိမှန်း မသိ။ကားဆရာက ပိုက်ဆံထည့်ဖို့အော်မှ ချမ်း အသိဝင်လာသည်။ ၂၀၀ တန်ကို ပုံးထဲထည့်ရန် လက်အလှမ်း ပိုက်ဆံထည့်တဲ့ပုံးနားမှာ ဆေးရုံကပေးသည့် ဝတ်စုံတောင် လဲမလာသည့် မမ။
အဲ ချမ်းနောက်လိုက်လာတာလား။
အခုမှ သတိရခါစ လူနာက ဆေးရုံဝန်း အကျယ်ကြီးကို ဖြတ်ပြီး YBS ဂိတ်အထိ ချမ်းနောက်က ပါလာတာလား။ Accident ကြီးကြီးကျယ်ကျယ် ဖြစ်ထားသည့်လူနာက ဒီလို လျှောက်သွားနေလို့မရဘူးလေ။
လေနေသည့် စိတ်လေးများတောင် ကြက်ပျောက်ငှက်ပျောက်။
“ဦးလေး တောင်းပန်ပါတယ် ဒီလူနာက ဆေးရုံပြန်ပို့မှ ရမှာမလို့ပါ”
ဂိတ်မဟုတ်ပဲ ရပ်ပေးရသဖြင့် ကားဆရာဦးလေးကြီးက သိပ်မကြည်ချင်။
“ဒီမှာ ကားခ ထည့်ခဲ့မယ်နော်”
“တစ်မှတ်တိုင်မှ မစီးရသေးပဲ ထည့်မနေပါနဲ့ကွာ”
စိတ်မရှည်သော်လည်း သဘောကောင်းလို့ တော်သေးသည်။ ချမ်း လက်ထဲက ၂၀၀ တန်သည် နောက်ဆုံးကျန်သည့် ပိုက်ဆံဖြစ်သည်။ ဖုန်းလည်း မပါလာသဖြင့် ကိုကို့ဆီ ဆက်ပြီးလာကြိုခိုင်းလို့လည်းမရ။သူများ ဖုန်း ငှားပြီးဆက်ရအောင်ကလည်း အိမ်ကလူတွေ ဖုန်းနံပါတ်ကို ချမ်း အလွတ်မရ။ခင်ချမ်းမြေ့သည် ထိုမျှအထိ အိမ်သားများအပေါ် တွယ်တာသော အငယ်ဆုံးလေး ဖြစ်သည်။
ကားပေါ်က ဆင်းဆင်းချင်းပဲ မမ ပခုံးလေးအား ကိုင်လှုပ်ကာ
“မမ ချမ်းကို မှတ်မိပြီလား”
မျှော်လင့်တကြီးဖြင့် မေးလိုက်သော ချမ်း...
ပြန်ရသည့် အဖြေက. ..
“ဟင့်အင်း မသိဘူး”
ဘာာာာာာာာရယ်အခု ခင်ချမ်းမြေ့ဆိုတဲ့ ငါ့ကို လာနောက်နေတာလား ဒေါ်နေခြည်နှင်းထက်။ မျက်ဝန်းညိုများ၏ ကြည်လင်မှုသည် လိမ်ညာနေတာမဟုတ်ကြောင်း သက်သေပင်။
“ဒါဖြင့် မသိပဲ ဘာလို့ လိုက်လာလဲ”
“လိုက်ချင်လို့လေ”
လားလားလား ....စိတ်ကိုထိန်း ခင်ချမ်း စိတ်ကိုထိန်း။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ခေါင်းက ငါ ထပ်ထုလိုက်လို့ မှတ်မိနေတဲ့ သူ့သီချင်းတွေပါ မေ့သွားမှဖြင့်...။
“မသိတဲ့သူနောက် အဲ့လို လျှောက်လိုက်တာက ဘယ်လောက် အန္တရာယ်များလဲ သိရဲ့လား”
လက်ကို ဖြတ်ကနဲ ဆွဲကာ ကားလမ်းကူးရန် ပြင်နေသော ချမ်း၏ လှုပ်ရှားမှုတို့သည် ပြန်ဖြေလိုက်သည့် စကားတစ်ခွန်းကြောင့် ရပ်တန့်ကုန်သည်။
“ငါ မသိပေမယ့်...ချမ်းက ငါ့ကို သိတယ်လေ”
“နေပါအုံး အခု ချမ်းလို့ခေါ်လိုက်တာလား”
“အင်းလေ စောစောကပဲ မမ ချမ်း ကိုမှတ်မိလား ဆို...”
အရူးပါး.. ဒါကျသိတယ်။
ဆွဲခေါ်သည့်နောက် ငြိမ်ငြိမ်လေးပါလာသည့် မမသည် ကျောင်းဆင်းလျှင် ချမ်း လက်ကို ယခုကဲ့သို့ ခပ်မြဲမြဲလေး ဆုပ်ကိုင်လျက် ရှေ့က ဦးဆောင်ကာ ကူးဖူးသည်။
“မမ”
“ဟင်..”
“မှတ်ထားနော် နောက် မသိတဲ့လူနောက်ကို လိုက်ချင်လို့ဆိုပြီး လျှောက်လိုက်သွားလို့ မရဘူး”
“ချမ်း နောက်ကိုရောလား”
လှည့်မကြည့်မိပေမယ့် တွဲထားသည့် လက်လေးကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် လိုက်မိသည်။
“မမကသာ ငါ့နောက်လိုက်ချင်တယ်လို့ ဆန္ဒရှိရင် ငါ ခေါ်မှာပေါ့”
မမသည် ချမ်းဆွဲခေါ်သည့် နောက်သို့ မလိုက်တော့ပဲ သူ့ခြေလှမ်းတို့ကို ရပ်ပစ်လိုက်သည်။
“ဒါဆို အခုကရော”
ချမ်း မမကို လှည့်ကြည့်လျက်
“အခုတော့ မဟုတ်သေးဘူး”
“အခုက စောင့်ကြည့်နေတဲ့ အရေးပေါ်ကာလမလို့ သေချာဆေးကုသမှုခံယူဖို့ လိုတယ်”
မမဆီက ဘာလို့လဲ ဆိုသည့် မေးခွန်းမကြားရခင် ချမ်း အရင် အကြောင်းပြချက်ပေးထားလိုက်သည်။
“နေခြည် ... ကိုကို့မှာ ရှာလိုက်ရတာ”
ထိုသူသည် ချွေးတို့ဖြင့် ရွှဲနေ၏။ဆေးရုံတစ်ရုံလုံးအနှံ့ မမကို ရှာလာပုံရသည်။ မမသည် ချမ်း လက်ကို တင်းတင်းလေး ဆုပ်ကိုင်လျက်က ထိုသူကို စူးစူးကလေး ကြည့်၏။
“ဆေးစစ်ဖို့ ဆရာဝန်တွေ စောင့်နေတယ် သွားရအောင်”
မမသည် ထိုသူဆွဲခေါ်သည့် လက်ကို ရုန်းလျက် ချမ်းလက်မောင်းအား ခိုတွဲကာ
“ဟင့်အင်း ချမ်း မလိုက်ရင် မသွားဘူး”
ဦးနှောက်က မမှတ်မိသည့်တိုင် မမ နှလုံးသားကတော့ ချမ်းကို ရွေးချယ်နေဆဲပင်။
တကယ်ပါ ဒီလောက်ဆို လုံလောက်ပြီ။ ငါ မမဆီက ဘာအဖြေမှ မလိုချင်တော့ဘူး။အဲ့ညက ဘာလို့ hotel မှာရှိခဲ့လဲဆိုတာလည်း ငါ မသိချင်တော့ဘူး။
မမ၏ ငြင်းဆန်မှုကြောင့် ပျက်ယွင်းသွားသော ထိုသူ့မျက်နှာသည် သိသိသာသာ။ ပေတေ ခေါင်းမာနေသော မမကလည်း ချမ်း လက်မောင်းကို ဖက်တွဲထားဆဲ။
“နေခြည့်ကို ခေါ်ခဲ့ပေးပါ”
ချမ်းကို ရူးမတတ် မမက ဘေးက ဖယ်ထုတ်ချင်ပေမယ့် မမသာ ဆန္ဒရှိရင် တကယ် အရာအားလုံးကို လိုက်လျောနိုင်သည့် ပုံပင်။ လျှော့ချလိုက်ရသည့် မာန်တို့နှင့်အတူ သိမ်ငယ်မှုအချို့လည်း ထိုလူ့မျက်လုံးထဲ ရှိနေသည်။ ဝန်ခံရမှာ မုန်းပေမယ့် ဒီလူ မမကို တကယ်ချစ်တယ်ဆိုတာ အဲ့တစ်ခဏမှာပဲ ငါ သိလိုက်တယ်။
“စစ်ဆေးချက်တွေ အရ ကောင်းပါတယ်...”
ဆရာဝန် စကားမဆုံးခင်ပဲ မမသည် စကားတစ်ခွန်းကို စိတ်မရှည်စွာဖြတ်မေး၏။
“ဒါဆို အပြင်ကို သွားလို့ရပြီလား”
အတိတ်မေ့ပြီးနောက် မမသည် အမူအကျင့်တွေ ပြောင်းလဲကုန်သည်။ယခင်ကဆိုလျှင် ဖြတ်ပြောဖို့ မပြောနှင့် ပြောသည့်စကား ဆုံးသည့်တိုင် တလေးတစား နားထောင်တတ်သည်။
“အပြင်ကတော့ မရသေးပါဘူး အခုထိ စိတ်ချရတဲ့ အခြေအနေကို မရောက်သေးပါဘူး”
“ကြားလား ချမ်း ငါ အပြင်သွားလို့ မရဘူး အဲ့တော့ နင် နေ့တိုင်းလာမှရမယ်”
ဆရာဝန်ရှင်းပြမည့် စကားကို နားမထောင်ပဲ ချမ်းကို လှမ်းပြောနေသေးသည်။အရင်က မမက ဒီလို အရိုအသေမဲ့တဲ့ သူမျိုး မဟုတ်ခဲ့ပါဘူး။
ချမ်းအား ခေါ်သွားရန် မျက်နှာရိပ် မျက်နှာကဲ ပြနေသည်မို့ ချမ်း မမကို ခေါ်ထုတ်လာလိုက်သည်။
“ချမ်း ပြန်ဖြေလေ နေ့တိုင်းလာမှာလား”
“ဆေးမှန်မှန်သောက်ပြီး ဆရာဝန်စကား နားထောင်တယ်ဆို လာပေးမှာပေါ့”
“ဆေးကတော့ ချမ်း တိုက်မှ”
အတိတ်မေ့နေတာတောင် ချွဲတတ်တဲ့ အကျင့်တွေက ပျောက်မသွားဘူးပဲ။
မမသည် မှတ်ဉာဏ်ပျောက်နေသည်ကလွဲ တော်တော်များများ ပြန်ကောင်းလာနေပြီဖြစ်သည်။ ချမ်း မလာသည့် ရက်များတွင် ဆေးမသောက်ဟု ကလန်ကဆန် လုပ်တတ်သဖြင့် ချမ်းကို တစ်ရက် တစ်ခါတော့ မျက်နှာလာပြရန် မမ မိဘတွေက အစ ထိုသူအဆုံး ချမ်းအား တောင်းပန်ထားကြ၏။
“ချမ်း မှာဂစ်တာရှိတာလား”
ချမ်း ဆေးတိုက်ဖို့ ပြင်နေစဥ် ချမ်း ဖုန်းအား ယူမွှေကာ ဂစ်တာအဖြူလေးကို ရိုက်ထားသည့် ပုံအား တွေ့သွားပုံရသည်။
“အင်း မမှတ်မိဘူးလား မမ ပေးထားတာလေ”
“ချမ်း တီးတတ်လား”
“တီးတတ်တာပေါ့ မမပဲ သင်ပေးတာလေ”
“ဒါဆို နောက်ရက် တီးပြပါလား”
“နောက်ရက်တော့မရဘူး နောက်ရက်ရဲ့ နောက်ရက်မှ ရမယ်”
“ဘာဖြစ်လို့လဲ မနက်ဖြန် ချမ်း မလာဘူးလား”
ဒီလို မျက်နှာငယ်လေးနဲ့ မေးမှတော့ ဘယ်သူက မလာပဲ နေနိုင်မလဲ။
“ညနေ ကျောင်းကပြန်ရင် ဝင်ခဲ့မှာပါ mid term တွေ စခါနီးမလို့ စာကူးချင်လို့ ဆေးတွေ ဂျီမကျပဲ သေချာသောက်ရမယ်နော်”
“အင်း...”
မှတ်ဉာဏ်ပြန်ရအောင် မမ ဆိုခဲ့ဖူးသည့် သီချင်းတွေအား ဂစ်တာတစ်လက်ဖြင့် ချမ်း တီးပြဖြစ်သည်။
ကိုယ်လေးယိမ်းလျက် နားထောင်နေရင်းက ချမ်းနှင့်အတူ စည်းချက်ညီညီ လိုက်ဆိုသည်...ဆိုနေရင်းက မမသည် သူ့လည်ချောင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ လဲကျသွားသည်။
မဟုတ်ဘူး...ထပ်ဖြစ်လို့မဖြစ်ဘူး...။
“မမ...မမ...”
“ဆရာမ...ဒေါက်တာ...”
ပြာထွက်လာသည့် အသံတို့နောက် အသည်းအသန်ပြေးလာသည့် ခြေလှမ်းတွေ...။
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကောင်းပေမယ့် အသံအိုးနှင့် ဦးနှောက်တွင် ပြဿနာ ရှိနေသည်။ ဦးနှောက်ထိခိုက်မှုကြောင့် မှတ်ဥာဏ်တွေ ပျောက်သွားသော်လည်း ကံကောင်းတယ်ပဲပြောရမည်။ မမသည် သူ့သီချင်းတွေကို မှတ်မိနေသေးသည်။
သို့သော် ကံဆိုးသည် အသံအိုး ထိခိုက်မှုကြောင့် သူ သီချင်းတွေ ထပ်မဆိုနိုင်တော့။ပုံမှန်စကားပြောတာမျိုး လုပ်နေနိုင်၍ အသံအိုးထိခိုက်မှုကို မည်သူမျှ သတိမပြုမိခဲ့။
ယခုလည်း အဆိုးထဲက အကောင်းပဲပြောရမည်။ ဒီ့ထပ်နောက်ကျမှသာ သိလျှင် စကားပြောမရတာမျိုးလည်း ဖြစ်နိုင်၍ ဖြစ်သည်ဟု ဆရာဝန်က ရှင်းပြသည်။
“သီချင်းက ဘယ်တော့မှ ထပ်ဆိုလို့မရတော့ဘူးလား...”
ဆရာဝန် ရှင်းပြချက်ကို နားထောင်ပြီးနောက် မမသည် မျက်ရည်ဝဲလျက် မေးသည်။
“နိုင်ငံခြားထိ သွားကုမယ်ဆိုရင်တော့ 10% လောက်မျှော်လင့်လို့ရနိုင်ပါတယ်”
“ကုန်ကျစရိတ်ကရောဆရာ”
“......”
ဆရာဝန် ပြန်ဖြေသည့် အဖြေနောက်တွင် မမသည် သည်းသည်းထန်ထန် ငိုတော့သည်။ မမတို့ မိသားစုသည် မဆင်းရဲဘူးဆိုသော်လည်း ချမ်းသာသည့်အထဲတော့မပါ။ ထို ငွေပမာဏသည် မမ တတ်နိုင်သည့် အတိုင်းအတာမဟုတ်။ သီချင်းဆိုတာကို သူ စွန့်လွှတ်ယုံသာရှိသည်။
အရာအားလုံးမေ့သွားတာတောင် ...
သူ့ကိုယ်သူ မေ့သွားတာတောင်...
သူမှတ်မိသည့် တစ်ခုတည်းသော အရာသည် သူ့သီချင်းတွေဖြစ်သည်။
“ချမ်း ...ငါ ဘာလုပ်ရမလဲ...ငါ နောက်ထပ် သီချင်းမဆိုနိုင်တော့ဘူးတဲ့...”
ဘယ်လို စကားလုံးမျိုးနဲ့ နှစ်သိမ့်ရမှန်း ချမ်းမသိ။ မမကို စသိခဲ့သည့် လေးနှစ်အရွယ်မှ ယခု ဆယ့်ရှစ်နှစ်တာ ကာလ အထိ ပထမဆုံး မမ မျက်ရည်ကျတာကို ချမ်း မြင်ဖူးခြင်းပင်။
မမက သူ ငိုတိုင်း အငိုတိတ်တဲ့ထိ ချော့တတ်ခဲ့ပေမယ့် မမ မျက်ရည်တွေကို ဘာနှင့် ရပ်တန့်ပေးရမှန်း ချမ်းမသိ။ သူကိုယ်တိုင်က မမ အတွက် 10% သော ဖြစ်နိုင်ခြေလေးကို ဖမ်းဆုပ်ပေးနိုင်သူ မဟုတ်။
တကယ့်တကယ်တမ်း မမကို ပွေ့ဖက်ပေးထားသည်ကလွဲ၍ မမ အဆင်ပြေအောင် သူ မလုပ်ပေးတတ်၊မလုပ်ပေးနိုင်ပါချေ။
“ဘာဖြစ်လို့ မဆိုနိုင်ရမှာလဲ နေခြည်က သီချင်းဆိုဖို့ ဆန္ဒရှိတယ်ဆို ဆိုနိုင်စေရမယ်”
ရုတ်တရက် ထပြောလိုက်သော ထိုလူ့စကားကြောင့် မမသည် ချမ်းခါးကို ဖက်လျက် ငိုနေရာမှ ထိုသူ့ကိုကြည့်သည်။
“ဒေါက်တာက 10% ဖြစ်နိုင်ခြေရှိတယ်လို့ ပြောတယ်မလား ကိုကိုက အဲ့10%ကို အရယူပေးမယ်”
“တကယ်လား”
“တကယ်ပေါ့ ကိုယ့်ချစ်သူအတွက် ကိုယ်အဲ့လောက်တော့ ရင်းနိုင်ပါတယ်”
မမ မျက်နှာလေးသည် ချက်ချင်းကြည်လင်လာသည်။ချမ်းအားမော့ကြည့်ကာ ပျော်နေပုံရသည်။
ချစ်ရသူပျော်နေတာ မြင်ရရင် ကိုယ်တိုင်လည်း ပျော်နေမယ်လို့ ချမ်း ထင်ခဲ့ဖူးသည်။ ဘာလို့မှန်းမသိ မမ အပြုံးတွေ မြင်ရတာ ဝမ်းနည်းစရာကောင်းလွန်းသည်။
“အမေရေ သွားပြီနော်”
တံခါးဝက ထွက်လာသည့် အသံကြောင့် ချမ်းမြေ့ကို,မှာ ရင်ထဲပူကနဲ။ မနက်လေးနာရီလောက်ထိ ‘ကိုကို မမက ငါ့ကိုမမှတ်မိတော့ဘူး ငါ့ကြောင့် သီချင်းထပ်မဆိုနိုင်တော့ဘူး ငါ ဘာမှ လုပ်မပေးနိုင်ဘူး’ ဆိုတဲ့ စကားတွေပဲ ထပ်တလဲလဲ ပြောပြီး ငိုနေခဲ့တာမဟုတ်ဘူးလား။
အခု ဘယ်ကို ထပ်သွားမလို့လဲ။
ချက်လက်စ ဟင်းအိုးကြီး ပစ်ချပြီး တံခါးဝကိုပဲ ပြေးရမလား.. အို မဖြစ်သေးဘူး တူးကုန်မှ တစ်အိမ်လုံး မနက်စာ ငတ်မယ်။ အခု မနက်စာက အရေးကြီးလို့လား အရူးတစ်ပိုင်းဖြစ်နေတဲ့ ငါ့ညီမထက်လေ။
“ဟဲ့ ချမ်းလေး ဘယ်လဲ”
ရေချိုးခန်းထဲက ထဘီရင်ရှားဖြင့် ထွက်လာသည့်မေမေ။
“နင် ဘယ်မှသွားဖို့ မစဥ်းစားနဲ့ ငါ့လက်ထဲ ဘာကိုင်ထားလဲ မြင်တယ်နော်”
လားလား ကျည်ပွေ့ပါလား။ အမေ့ထက် ခြေမြန် လက်မြန်ရှိသည်မို့ သူ့ကို ပိုကြောက်သည်။
အကိုကြီး အဖရာပီသစွာပဲ ချမ်းမြေ့ကိုသည် ထိုသို့ ချမ်းအပေါ် ညင်သာ၏။
“ကျောင်းသွားမလို့ပါ ချမ်း အတန်းပျက်တာ အရမ်းကြာနေပြီလေ”
အပူရုပ်ကို ဟန်လုပ်လေ ပိုသိသာလေ။ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာနွမ်းနွမ်းသည် ဘယ်လောက်ပြုံးပြုံး တောက်ပလာခြင်းမရှိ။ ချမ်း လှည့်ကာ တံခါးဖွင့်ရန် လက်လှမ်းလိုက်သော်လည်း လက်က တံခါး လက်ကိုင်ဆီမရောက်။
“မနက်စာ အရင်စားပြီးမှသွား”
“အဟွတ်...အဟွတ်...အရင်..ဆုံး ဂုတ်က အင်္ကျီစ..အဟွတ်... လွှတ်.. ပြီးမှ..အဟွတ်”
ယက်ကန်ယက်ကန်ဖြင့် အကိုနောက်ပါသွားသော ချမ်းကို ကြည့်ပြီး မိခင်မှာ စိတ်ညစ်သည့်ကြားက ပြံးမိ၏။
အငယ်ဆုံးမလို့ အစစအရာရာ အလိုလိုက်ခဲ့သည်က သူ့သမီးကို ယခုကဲ့သို့ ပျော့ညံ့စေခဲ့သည်လား မပြောတတ်တော့။
အငွေ့ထောင်းထောင်းထားနေသည့် ပင်လယ်စာ ဆန်ပြုတ်ပူပူလေးသည် စားပွဲပေါ်တွင် အဆင်သင့် ချမ်းအား စောင့်ဆိုင်းလျက်ရှိသည်။
“ပုစွန်ဝါးဖို့လောက်တော့ နင့်မှာ အားရှိသေးတယ်မလား”
ချမ်း ရယ်မိသွား၏။
“ငါ့ကိုစောင့်နေ ရေချိုးပြီးရင် ကျောင်းလိုက်ပို့မယ်”
ဒီလို အခြေအနေမျိုးကို မျှော်လင့်မထားတာမို့ ချမ်း မဆိုဆလောက်တော့ မျက်ခုံးပင့်သွားမိသည်။
“မတားဘူးလား”
“ဘာကိုလဲ”
“ ကျောင်းမသွားနဲ့လို့လေ”
“အခန်းထဲ ပိတ်ပြီး ဘယ်နှစ်ရက်ငိုနေမှာလဲ”
ကိုကိုထိုသို့ မေးလာမည်ဟု ချမ်း မထင်ထား။
မေမေနဲ့ကိုကို့ကို စဥ်းစားပြီး ကျောင်းသွားဖို့ ဆုံးဖြတ်လိုက်တဲ့ ချမ်းရဲ့ ဆုံးဖြတ်ချက်က မှန်သွားပုံပင်။
စိုးရိမ်သည့် အရိပ်အယောင်တွေ ကိုကို့မျက်လုံးမှ လျော့ကျသွားတာ ချမ်းမြင်နေရသည်။
“ အခုက လုံလောက်ပြီ လက်တွေ့ဘဝထဲ ပြန်လာသင့်ပြီ”
“ဟုတ် အဲ့တာကြောင့်ပဲ ကျောင်းသွားမလို့ပါ”
ရေချိုးခန်းထဲဝင်မည့် ချမ်းမြေ့ကို၏ လက်မောင်းကို ဖွဖွဆွဲထားရင်းက မေမေသည် မီးဖိုဖက်သို့ လှမ်းအကဲခတ်သည်။ ငြိမ်ငြိမ်ကလေး ဆန်ပြုတ်စားနေသည့် ချမ်းကို မြင်တော့မှ လေသံတိုးတိုးဖြင့်
“သား ညီမကို ဒီလိုပုံစံနဲ့ ကျောင်းလွှတ်လို့ ဖြစ်ပါ့မလား”
နေခြည် သတိမရခင်ကလည်း နေ့မအိပ်၊ညမအိပ် ဆေးရုံ၌သာ အချိန်ကုန်ပြီး သတိရပြန်တော့လည်း တငိုငို တရီရီဖြင့် အခန်းထဲက မထွက်။ တစ်နေ့တစ်နပ် ဝင်ဖို့တောင် မနည်းမဟုတ်လား။ ခပ်ယဲ့ယဲ့နှင့် အရိုးပဲကျန်သည့် သမီးကို ကျောင်းလွှတ်ဖို့ သူ စိတ်မချ။
“နန္ဒာတို့ကို သားသေချာအပ်ခဲ့ပါမယ် အပေါင်းအသင်းဘေးမှာရှိတော့ ချမ်းလေး နည်းနည်း စိတ်ပြေမလားလို့ပါ”
သားပြောတာ အကျိုးအကြောင်း သင့်နေသည်မို့ သူ ထပ်မပြောတော့။
“အဲ့တော့ နင့်ကို အဲ့လိုဓါတ်ပုံတွေ ပို့ပြီး ဒီအခြေအနေထိရောက်အောင် ဖန်တီးခဲ့တဲ့သူက ဘယ်သူလဲ မသိဘူးပေါ့”
သန္တာ့အမေးကို ခေါင်းငြိမ့်လျက် ချမ်း အဖြေပေးလိုက်သည်။တစ်အုပ်စုလုံး ငိုင်ကျသွားလိုက်တာများ စိတ်ဓါတ်ကျနေသည့် ချမ်းကတောင် ပြန်ပြီး အားပေးရမည့်ပုံပင်။ ရွှေရည်ပုံ့က အရင်စကာ
“အားးး သနားပါတယ် ငါတို့ ချမ်းလေး တစ်ယောက်ထဲ ဘယ်လောက်တောင်ခံစားခဲ့ရမလဲ”
“အဲ့လိုငိုပြီးမပြောနဲ့လေဟာ...”
ဟုဆိုကာ သန္တာကပါ ငိုတော့သည်။
တည်ကြည်သည့် နန္ဒာကတော့ မငိုလောက်ဟု အားကိုးကာမှ မျက်ရည်ဘူးသီးလောက်ကျရင်း ချမ်းကို ကြည့်နေသည်။
Motivation ဖြစ်လိုက်ပုံများကတော့လား...။
“စကားခဏပြောရအောင်”
မမနဲ့ video ထဲကလူ...ဆေးရုံမှာ ချမ်းကို အထက်စီးက ဆက်ဆံခဲ့သည့်သူ...
“မင်းခန့်ကျော်”
“ဘာလဲ king က”
နေပါအုံး အခု သန္တာနဲ့ ပုံ့ပုံ့က ဒီလူ့ကို ဘယ်လိုခေါ်လိုက်တယ်...။
“နင်တို့ သူ့ကို သိတာလား”
“နင် မေဂျာ King ကိုမသိဘူးလား သူ့အဖေက....”
ဘာလဲ မမနဲ့တူတူအိပ်ခဲ့တဲ့ကောင်က ငါနဲ့တစ်မေဂျာထဲ တစ်နှစ်ထဲတဲ့လား။နောက်ပြီး အကောင်ကြီးကြီး တစ်ကောင်ရဲ့ သားတဲ့လား။
ပုံ့ပုံ့ ဘာတွေ ဆက်ပြောနေလဲ ချမ်း မသိတော့။ ဖြစ်ပျက်သွားသည့်အခြေအနေကို လက်ခံနိုင်အောင် မနည်း ကြိုးစားနေရသည်။
You are reading the story above: TeenFic.Net