Chapter-28

Background color
Font
Font size
Line height

(Unicode)

ခေါင်းက တဆစ်ဆစ်ထိုးကိုက်နေသည်။ ပူကျစ်နေသောအသားတို့က အငွေ့ထွက်နေပြီဟု ထင်ရလောက်အောင်ခြစ်ခြစ်တောက်နေသော်လည်း ခန္ဓာကိုယ်အတွင်း၌မူ အေးစိမ့်ကာ ချမ်းတုန်နေသည်။ ခြေလက်တို့ကလည်း အထပ်ထပ်ရိုက်နှက်ခံထားရသလို နာကျင်ကိုက်ခဲနေသည်။

သူ ဖျားနာခြင်းကိုမုန်းသည်။ ဘယ်လိုနေနေမသက်သာသည့် ခန္ဓာကိုယ်ကို မုန်းသည်။ တစ်ချက်တစ်ချက်ပါးထက်စီးကျလာသည့် မျက်ရည်ပူတွေကို မုန်းသည်။

အလွန်အမင်းပင်ပန်းနေသော စိတ်တို့က ခန္ဓာကိုယ်ထိပါကူးစက်ပင်ပန်းသွားစေသည့်အခါ လူက ချွတ်ခြုံကျလုဖြစ်သွားသည်။ မနေ့ညက ပြတင်းပေါက်ဘေး ညလုံးပေါက်ထိုင်နေမိခြင်း၏ အကျိုးဆက်သည် မတွေ့ချင်သည့် လူတစ်ယောက်ကို ခေတ္တမျှ ပုန်းရှောင်နိုင်ဖို့ အကြောင်းပြချက်ကောင်းတစ်ခုဖြစ်လာစေခဲ့သည်။

မနေ့ကတည်းက မိနစ်ခြားတစ်ခါ မြည်နေသော ဖုန်းလေးဟာ စက်ပိတ်ခြင်းကို ခံထားရ၏။ ည12 နာရီတိတိမှ ခြံရှေ့ကထွက်ခွာသွားခဲ့သော ကားလေးသည် ယခုချိန်ထိ တမှူးမျက်ဝန်းအိမ်တွင်စွဲထင်နေသည်။

စိတ်ထဲခံပြင်းဒေါသထွက်မိပေမယ့် ဒီလူကိုပဲ ဦးနှောက်ထဲကရော အတွေးထဲကပါ မဖယ်ထုတ်နိုင်။ အနီးအနားမှာရှိခဲ့ပြီး သူပေးခဲ့သည့် ဂရုစိုက်မှုတွေအကြောင်းပြန်တွေးတော့ ပြေလျော့သလိုရှိမိပေမယ့် တဆက်တည်းမှာပင် လုပ်ရပ်လေခြင်းဟူသော အတွေးများက နှိပ်စက်ပြန်သည်။

သေချာပြန်စဥ်းစားကြည့်မှ Jayy နှင့် စီနီယာသည် တမှူးဘဝထဲကို အချိန်တစ်ခုတည်းမှာပင် စတင်ဝင်ရောက်လာခဲ့သည်။ Jayy ထံမှ အနီရောင် အသည်းလေးဖြင့် အသိအမှတ်ပြုခံရပြီးနောက်တစ်နေ့တွင် စီနီယာနှင့် တမှူးဆုံခဲ့သည်။ ဒါကို တိုက်ဆိုင်မှုသက်သက်ဟူ၍ပင် ထင်မှတ်ခဲ့မိသည်။

တဖြည်းဖြည်း မှတ်ဉာဏ်ထဲတွင် တရိပ်ရိပ်ပေါ်လာသော တမှူး အမှုမဲ့အမှတ်မဲ့ ကျော်ဖြတ်ခဲ့သည့် စီနီယာနှင့်Jayy ၏ တိုက်ဆိုင်မှုများ...။ ထို့ပြင် စီနီယာကပင် တမှူးကို Jayy အကြောင်းစတင်မေးခဲ့သည်။ Jayy အပေါ်ထားသော တမှူး သဘောထားများကို စသလိုလိုနှင့် သူ့ထံရင်ဖွင့်မိအောင် လမ်းခင်းပေးခဲ့သည်။ Jayy နှင့် နီးစပ်ဖို့ အကြံဉာဏ်ကောင်းတွေပေးခဲ့သည်။ သူပြောသည့်အတိုင်း ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့သည့် တမှူးက နောက်ဆုံးတော့ အရူးတစ်ယောက်လိုသာ။

စိတ်နာသည်။ စိတ်နာချင်သည်။ ထိုသို့စိတ်နာသည်ဟု တစ်ခါတွေးတိုင်း မျက်ရည်များက အထိန်းအကွပ်မဲ့ ပေါက်ကွဲသည်။ တဆစ်ဆစ်ကိုက်နေသော ခေါင်းက အဖျားရှိန်ကြောင့်ထက် မျက်ရည်များကြောင့် ပို၍ ထိုးကိုက်လာသည်။ တစ်ညလုံးငိုရလွန်းသောကြောင့်လည်း မျက်ခွံများက မို့မောက်နေသည်။

"သား တမှူးခေတ် ဒီနေ့ကျောင်းမသွားဘူးလား"

ပုံမှန် မနက်စာစားချိန်ဆင်းမလာနိုင်သော တမှူးအတွက်မေမေကိုယ်တိုင် အခန်းထဲရောက်လာခဲ့သည်။ ဖျော့တော့နွမ်းလျှနေသော တမှူးခေတ်၏ ပုံစံက မိခင်တစ်ဦး၏ စိုးရိမ်ပူပန်မှုကို ဂိတ်ဆုံးမြှင့်တင်ပေးလိုက်သည်။

ဆေးရုံသွားဖို့အသည်းအသန်ငြင်းသည့်တမှူးအတွက် မေမေက ဆရာဝန်ကို အိမ်သို့ပင့်ရသည်။ အိမ်ရှေ့မလှမ်းမကမ်းတွင်ရပ်ထားသောကားလေးထဲမှလူကို တမှူးမျက်နှာချင်းမဆိုင်ချင်။ ညက ၁၂ ထိုးမှပြန်ပြီး မနက်ကိုလည်း မည်သည့်အချိန်ကတည်းကလာစောင့်နေသလဲဟုလည်း တမှူး မစဥ်းစားချင်။

"သားလေး...တစ်ရေးလောက် အိပ်လိုက်ဦးနော်၊ တစ်ခုခုဆို မေမေ့ကို လှမ်းခေါ်၊ မေမေအောက်ထပ်မီးဖိုချောင်ထဲမှာရှိနေမယ်၊ သားစားဖို့လည်း ဆန်ပြုတ်ကို အရသာရှိရှိလေး ပြုတ်ပေးမယ်"

နောက်ဆုံး ဆေးရှိုန်ဖြင့် ငုတ်တုတ်ထိုင်ကျော်ဖြတ်ခဲ့သော တစ်ညလုံးအစား အိပ်စက်ခြင်းတွင် ခက်ခက်ခဲခဲပျော်မွေ့ခဲ့သည်။ အသိဝင်နိုးထလာသည့်အချိန်တွင် နေ့တစ်ဝက်ကို ကုန်ဆုံးသွားပြီဖြစ်ကြောင်း တိုင်ကပ်နာရီရှိ ၁၂ ကိုကျော်နေပြီဖြစ်သော နာရီလက်တံတို့က အသိပေးသည်။ ရှိစုမဲ့စုအားတို့ကိုစု၍ လူက ပြတင်းပေါက်နံဘေးရောက်သွားပြန်သည်။ ရှင်းလင်းနေသောလမ်းမက တမှူး နှလုံးသားကို လှစ်ဟာသွားစေသည်။

လူနှစ်ယောက် တမှူးဘဝထဲကို တပြိုင်နက်တည်း ဝင်လာခဲ့သည်။ ရုတ်တရတ် ထိုလူနှစ်ယောက်ကပဲ တစ်ယောက်တည်းအဖြစ် တမှူးဘဝထဲက ပြန်ထွက်သွားသည်။

ဟင့်အင်း...တကယ်ပဲ...စီနီယာက တမှူး ဘဝထဲက ပျောက်ကွယ်သွားတော့မှာလား။ Jayy ကရော...။ စက်ပိတ်ထားသော ဖုန်းလေးကြောင့် wattpad ဆိုသည့် application လေးဟာလည်း တမှူးနှင့် ဝေးကွာနေသည်။ သတိမရချင်သည့်ကြားကပင် ယနေ့ဟာ အင်္ဂါနေ့ဖြစ်ကြောင်း ဦးနှောက်ဆဲလ်များက သတိပေးသည်။

ခွင့်မပြုပါဘဲနှင့် မျက်ရည်စီးကြောင်းတို့က ပါးပြင်ထက်သို့ အလည်လာပြန်သည်။ နေကောင်း၍ ကျောင်းပြန်တက်လျှင် စီနီယာနှင့်ဆုံမည်။ ထိုအခါ မည်သို့ မျက်နှာချင်းဆိုင်ရပါမည်နည်း။

မတွေ့ချင်ပါ။ တစ်ဆက်တည်းမှာပင် မျက်ဝန်းညိုများက အာရုံတွင် ရစ်ဝဲပေါ်လာသည်။ လူနှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်နေသည်ဟုသော အကြောင်းပြချက်တစ်ခုတည်းနှင့် တမှူး မြတ်နိုးတွယ်တာခဲ့ရသည့် လူနှစ်ယောက်က တမှူးနှင့် အဝေးဆုံးကို ရောက်သွားတော့မည်လား။

မည်သည့်အတွက်ကြောင့်များ စီနီယာက တမှူးကို လိမ်ခဲ့တာလဲ။ Jayy က သူပါဆိုသည်ကို ဘာကြောင့် ဖုံးကွယ်ခဲ့တာလဲ။ ထိုအကြောင်းပြချက်ကို သိချင်နေပါသော်လည်း စီနီယာနှင့် မျက်နှာချင်းမဆိုင်လို။ မဆိုင်ဝံ့။ တမှူးဘက်မှ Jayy ကို သဘောကျကြောင်း စီနီယာ့ထံအကြိမ်ကြိမ်ရင်ဖွင့်ခဲ့ဖူးသည်မို့ မျက်နှာမပြရဲအောင် ရှက်ရွံ့သည်။ ဒီလိုဆိုလျှင် စီနီယာ့ဘက်မှာရော...။ စီနီယာကရော တမှူးကို မည်သို့သဘောထားနေခဲ့မည်နည်း။

မျက်ဝန်းညိုများမှ ကြင်နာရိပ်ကို မြင်ခဲ့သည်ဟု ရူးရူးမိုက်မိုက်တွေးမိသော်လည်း တကယ်တမ်း စီနီယာသာ တမှူးကို သဘောကျခဲ့လျှင် လိမ်ထားခဲ့စရာမှမလိုတာ။ ကလေးတစ်ယောက်လို ပေါ့ပေါ့တန်တန်သဘောထားခဲ့လို့သာ အရုပ်တစ်ရုပ်လို ဆော့ကစားခဲ့တာပေါ့။

ငိုရပြန်သည်။ ခေါင်းတွေလည်း တဆစ်ဆစ်ထိုးကိုက်လွန်းနေပြီ။ သက်ပြင်းအထပ်ထပ်ချရင်း ပြတင်းပေါက်ကို ပိတ်လိုက်မိသည်။ ထပ်ပြီး မမျှော်လင့်ချင်တော့ဘူး။

*******************************************

"အမလေး...ငါတို့ မှူးမှူးလေး"

ပိုပိုသာသာအော်ဟစ်ကာဝင်လာသော နယုန်နှင့်ဝသုန်အမွှာညီအစ်မကြောင့် အားမရှိသည့်ကြားမှ ခပ်ယဲ့ယဲ့ပြုံးမိသည်။ နေမကောင်းပြီး နောက်တစ်နေ့တွင်တော့ တမှူး၏ သတင်းက အရင်းနှီးဆုံး အမွှာညီအစ်မထံသို့ ရောက်သွားပြီး ညနေကျောင်းဆင်းသည်နှင့် တမှူးထံရောက်လာကြသည်။ တစ်စုံတစ်ယောက်ကတော့ မနက်ခင်းတစ်ခုတွင် ကားလေးကို နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။

"တမှူးရယ်...ဘယ်လိုဖြစ်ပြီး ဖျားသွားရတာလဲ၊ နင်ဖျားတာ အခုမှ ရှားရှားပါးပါးမြင်ဖူးတယ်၊ နောက်ပြီး ဖုန်းက ဘာလို့ စက်ပိတ်ထားရတာလဲ၊ တော်သေးတာပေါ့ အန်တီ့ဖုန်းနံပါတ်ရှိနေလို့"

ကုတင်ဘေးတွင် ဝင်ထိုင်ရင်း နှဖူးပေါ်လက်တင်သည်။

"အားပါးပါး...ပူခြစ်နေတာပဲ"

တမှူး မျက်နှာလေးကို အစွမ်းကုန်ငယ်ထားမိသည်။ နေမကောင်းသည့်အပြင် စိတ်ပါမကောင်းသည်မို့ လူကချွဲချင်နေသည်။

"တမှူးရယ် နင်နေမကောင်းလည်း သတင်းထူးတစ်ခုပြောပြရဦးမယ်"

"ဘာလဲ"

ခပ်ဆတ်ဆတ်ပြန်မေးလိုက်သည်။ တမှူး နေမကောင်းသည်ထက် ဘယ်သတင်းက ပိုအရေးကြီးနေလို့လဲ။

"မနေ့ကလေ...အင်္ဂါနေ့ Jayy update လုပ်ရမယ့်နေလေ...သိလား၊ အဲ့ဒါတော့ မှတ်မိလား"

အနာကို ဆားနှင့်တို့သလို ရင်ထဲဆစ်ကနဲ့ ဖြစ်သွား၏။ ပျက်ချင်သွားသော မျက်နှာကို အချိန်မှီ ထိန်းလိုက်ရသည်။

"အင်း...အဲ့ဒါ ဘာဖြစ်လဲ"

"ဘာဖြစ်ရမှာလဲ၊ မနေ့က Jayy update မလုပ်ဘူးဟဲ့..."

သတိထားနေသည့်ကြားမှ လူက ဆတ်ကနဲ့ဖြစ်သွားသည်။ မနေ့ညက ထိန်းမရသည့် စိတ်တို့ကြောင့် စက်ပိတ်ထားသော ဖုန်းလေးကို အံဆွဲထဲထည့်သော့ခတ်ထားခဲ့သည်။ ယခုတော့ Jayy က update မလုပ်ခဲ့ဘူးတဲ့လား။ တမှူး စသိသည့်နေ့မှစ၍ Jayy က update တစ်ခါမှ မပြတ်ခဲ့ဖူးပါ။ ယခု ဘာကြောင့်လဲ...။ တမှူးကြောင့်များလား။ ရူးရူးမိုက်မိုက်တွေးမိပြန်သည်။

"မနေ့ညက တော်တော် ပွက်လောရိုက်သွားတာဟ၊ Jayy နောက်ဆုံးpost အောက်မှာ ကွန်မန့်တွေသွားရေးကြတာ၊ တချို့ဆို Tag တွဲပြီးမေးကြတာ၊ Jayy နေမကောင်းဖြစ်နေသလားပေါ့၊ တကယ်ပဲ...ငါတို့ရဲ့ Jayy လေး နေမှကောင်းရဲ့လားမသိဘူး၊ ဘာ post မှမတင်သလို myday လည်း မတင်ဘူး"

စကားသံတို့ကို နားထဲ ကြားတစ်ချက်မကြားတစ်ချက်။ Jayy ဘာကြောင့် update မလုပ်ရသလဲဟူသော အကြောင်းပြချက်ကိုသာ စိတ်ထဲ ထင်ကြေးအမျိုးမျိုးပေးနေမိသည်။ တမှူးကို ပြောနေသည်လား...သူတို့အချင်းချင်းပြောနေသည်လားမသဲကွဲသော စကားသံများအကြား ကိုယ့်အတွေးထဲတွင်သာ ကိုယ်မြောနေသည်။

"တမှူးလေး...အဆင်ပြေရဲ့လား၊ နင့်ကြည့်ရတာ ဖျော့တော့နေတဲ့အပြင် ငေါင်တောင်တောင်ပါဖြစ်နေသလားလို့"

"အင်း...ဒီလိုပါပဲ ပြေပါတယ်၊ ဒါနဲ့ ဟို..."

မနေနိုင်သည့် စိတ်အစုံက တစ်စုံတစ်ယောက်အကြောင်းကို စုံစမ်းဖို့ပြင်နေသည်။

"ဟို...စီနီယာရော...ကျောင်းတက်..."

"ဟယ်...အဲ့ဒါလည်း ပြောမလို့၊ စီနီယာနေရင့်ရောင်လည်း ကျောင်းမတက်ဘူးလားမသိဘူး၊ ငါတို့နဲ့ နေ့လည်ထမင်းလာမစားဘူးဟ၊ နင်မရှိလို့ လာမစားတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ကျောင်းမတက်တာလည်း ဖြစ်နိုင်တယ်၊ သူ့ကို တွေ့ကို မတွေ့မိတာ"

တမှူး စကားမဆုံးခင် နယုန်က ဝင်ပြောသည်။ တကယ်လို့ ကျောင်းမတက်ဘူးဆိုလျှင် ဘယ်တွေသွားနေလဲ။ မနေ့ကနေ့လည်မှသည် ယနေ့ထိ ပြတင်းပေါက်ကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် မသိစိတ်ကမျှော်လင့်မိခဲ့သော်လည်း အရိပ်အယောင်မျှပင် မမြင်ရခဲ့။ အရေးမပါလို့ မလာတော့တာပေါ့ဟု တွေးမိတော့ ရင်ထဲ ဆစ်ကနဲ့ နာကျင်ရပြန်သည်။

နယုန်တို့ ပြန်သွားချိန်တွင် အခန်းထောင့်သို့ စွန့်ပစ်ထားသော ညစဥ်တမြတ်တနိုးဖက်အိပ်ခဲ့ရသည့် အရုပ်ကြီးနှစ်ရုပ်ကို ခပ်ငေးငေးထိုင်ကြည့်မိသည်။ စိတ်လိုက်မာန်ပါဆွဲဖြဲပစ်ခဲ့မိသော ပုံတူလေးကို အပိုင်းအပိုင်းပြန်ကောက်ကာ တိတ်နှင့် ပြန်ဆက်ထားသည်။ မထိရက်မကိုက်ရက်မြတ်နိုးခဲ့ရသည့် Dream Catcher လေးက ဖုန်းလေးနှင့်အတူ အံဆွဲထဲ၌ သော့ပိတ်ခြင်းခံထားရသည်။

မျက်ဝန်းအိမ်တွင် ထပ်မံ၍ ရစ်ဝိုင်းလာသော အရည်ကြည်များကို ခေါင်းမော့၍ တားဆီးကြည့်သော်လည်း မျက်စိထောင်းစွန်းမှ ဘေးသို့စီးကျသည်။ နောက်ဆုံး ဒူးပေါ်မျက်နှာအပ်၍သာ စိတ်ရှိလက်ရှိလွတ်ပေးမိပြန်သည်။ ရှိုက်သံမထွက်အောင်ထိန်းရင်း ရင်ဘက်ထဲက အောင့်တက်လာသည်။

လွမ်းပါသည်။ တကယ်လွမ်းပါသည်။ ကိုယ့်ကိုယ်ကိုယ် လိမ်၍ မရအောင်ကို လွမ်းဆွတ်မိပါသည်။ တစ်ယောက်တည်းကိုမှ လူနှစ်ယောက်စာချစ်ခဲ့ရတာလေ။ မျှော်လင့်မိသည်။ မိမိက သူနှင့် မဆုံချင်တောင် သူက မိမိဆီလာတာမျိုးကို လိုချင်သည်။ ဖြေရှင်းချက်တစ်ခုနှင့် သူရောက်လာသည်ကို လိုချင်သည်။ နေမကောင်းသည့်အချိန် နွေးထွေးသည့် သူ့ရင်ခွင်ကိုလိုချင်သည်။

ရှက်ရွံခံပြင်းနေသည့်ကြားက သူသာရှင်းပြခဲ့လျှင်ဟူသော အတွေးဖြင့် စိတ်ထဲမှ အကြိမ်ကြိမ်ခွင့်လွှတ်နေသည်။ တစ်ချိန်တည်းမှာပင် ဘယ်လိုတောင်းပန်တောင်းပန် ခွင့်မလွှတ်ဘူးဟူသော နားကြည်းစိတ်က ပျော်ဝင်ခါနီး နှင်းမှုန်တစ်မှုန်လို ကြားဖြတ်ကာ မကြာခဏ ဝင်ရောက်လာသည်။ သို့သော် ထိုခပ်ယဲ့ယဲ့နှင်းမှုန်လေးသည် အလွမ်းမီး၏ တိုက်စားခြင်းကို ခံလိုက်ရပြန်သည်။

တကယ်ကို တမှူး စီနီယာ့ကို လွမ်းနေပါသည်။ နှစ်ရက်မျှသော အချိန်လေးဖြင့်ပင် ရူးမတက် လွမ်းနေရသည်မို့ ဒီလူနှင့်သာ တစ်သတ်လုံး ဝေးသွားခဲ့ရလျှင်.....။

*******************************

အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸

(Zawgyi)

ေခါင္းက တဆစ္ဆစ္ထိုးကိုက္ေနသည္။ ပူက်စ္ေနေသာအသားတို႔က အေငြ႕ထြက္ေနၿပီဟု ထင္ရေလာက္ေအာင္ျခစ္ျခစ္ေတာက္ေနေသာ္လည္း ခႏၶာကိုယ္အတြင္း၌မူ ေအးစိမ့္ကာ ခ်မ္းတုန္ေနသည္။ ေျခလက္တို႔ကလည္း အထပ္ထပ္႐ိုက္ႏွက္ခံထားရသလို နာက်င္ကိုက္ခဲေနသည္။

သူ ဖ်ားနာျခင္းကိုမုန္းသည္။ ဘယ္လိုေနေနမသက္သာသည့္ ခႏၶာကိုယ္ကို မုန္းသည္။ တစ္ခ်က္တစ္ခ်က္ပါးထက္စီးက်လာသည့္ မ်က္ရည္ပူေတြကို မုန္းသည္။

အလြန္အမင္းပင္ပန္းေနေသာ စိတ္တို႔က ခႏၶာကိုယ္ထိပါကူးစက္ပင္ပန္းသြားေစသည့္အခါ လူက ခြၽတ္ျခဳံက်လုျဖစ္သြားသည္။ မေန႔ညက ျပတင္းေပါက္ေဘး ညလုံးေပါက္ထိုင္ေနမိျခင္း၏ အက်ိဳးဆက္သည္ မေတြ႕ခ်င္သည့္ လူတစ္ေယာက္ကို ေခတၱမွ် ပုန္းေ႐ွာင္ႏိုင္ဖို႔ အေၾကာင္းျပခ်က္ေကာင္းတစ္ခုျဖစ္လာေစခဲ့သည္။

မေန႔ကတည္းက မိနစ္ျခားတစ္ခါ ျမည္ေနေသာ ဖုန္းေလးဟာ စက္ပိတ္ျခင္းကို ခံထားရ၏။ ည12 နာရီတိတိမွ ျခံေ႐ွ႕ကထြက္ခြာသြားခဲ့ေသာ ကားေလးသည္ ယခုခ်ိန္ထိ တမႉးမ်က္ဝန္းအိမ္တြင္စြဲထင္ေနသည္။

စိတ္ထဲခံျပင္းေဒါသထြက္မိေပမယ့္ ဒီလူကိုပဲ ဦးေႏွာက္ထဲကေရာ အေတြးထဲကပါ မဖယ္ထုတ္ႏိုင္။ အနီးအနားမွာ႐ွိခဲ့ၿပီး သူေပးခဲ့သည့္ ဂ႐ုစိုက္မႈေတြအေၾကာင္းျပန္ေတြးေတာ့ ေျပေလ်ာ့သလို႐ွိမိေပမယ့္ တဆက္တည္းမွာပင္ လုပ္ရပ္ေလျခင္းဟူေသာ အေတြးမ်ားက ႏွိပ္စက္ျပန္သည္။

ေသခ်ာျပန္စဥ္းစားၾကည့္မွ Jayy ႏွင့္ စီနီယာသည္ တမႉးဘဝထဲကို အခ်ိန္တစ္ခုတည္းမွာပင္ စတင္ဝင္ေရာက္လာခဲ့သည္။ Jayy ထံမွ အနီေရာင္ အသည္းေလးျဖင့္ အသိအမွတ္ျပဳခံရၿပီးေနာက္တစ္ေန႔တြင္ စီနီယာႏွင့္ တမႉးဆုံခဲ့သည္။ ဒါကို တိုက္ဆိုင္မႈသက္သက္ဟူ၍ပင္ ထင္မွတ္ခဲ့မိသည္။

တျဖည္းျဖည္း မွတ္ဉာဏ္ထဲတြင္ တရိပ္ရိပ္ေပၚလာေသာ တမႉး အမႈမဲ့အမွတ္မဲ့ ေက်ာ္ျဖတ္ခဲ့သည့္ စီနီယာႏွင့္Jayy ၏ တိုက္ဆိုင္မႈမ်ား...။ ထို႔ျပင္ စီနီယာကပင္ တမႉးကို Jayy အေၾကာင္းစတင္ေမးခဲ့သည္။ Jayy အေပၚထားေသာ တမႉး သေဘာထားမ်ားကို စသလိုလိုႏွင့္ သူ႕ထံရင္ဖြင့္မိေအာင္ လမ္းခင္းေပးခဲ့သည္။ Jayy ႏွင့္ နီးစပ္ဖို႔ အၾကံဉာဏ္ေကာင္းေတြေပးခဲ့သည္။ သူေျပာသည့္အတိုင္း ယုံယုံၾကည္ၾကည္ လိုက္လုပ္ခဲ့သည့္ တမႉးက ေနာက္ဆုံးေတာ့ အ႐ူးတစ္ေယာက္လိုသာ။

စိတ္နာသည္။ စိတ္နာခ်င္သည္။ ထိုသို႔စိတ္နာသည္ဟု တစ္ခါေတြးတိုင္း မ်က္ရည္မ်ားက အထိန္းအကြပ္မဲ့ ေပါက္ကြဲသည္။ တဆစ္ဆစ္ကိုက္ေနေသာ ေခါင္းက အဖ်ား႐ွိန္ေၾကာင့္ထက္ မ်က္ရည္မ်ားေၾကာင့္ ပို၍ ထိုးကိုက္လာသည္။ တစ္ညလုံးငိုရလြန္းေသာေၾကာင့္လည္း မ်က္ခြံမ်ားက မို႔ေမာက္ေနသည္။

"သား တမႉးေခတ္ ဒီေန႔ေက်ာင္းမသြားဘူးလား"

ပုံမွန္ မနက္စာစားခ်ိန္ဆင္းမလာႏိုင္ေသာ တမႉးအတြက္ေမေမကိုယ္တိုင္ အခန္းထဲေရာက္လာခဲ့သည္။ ေဖ်ာ့ေတာ့ႏြမ္းလွ်ေနေသာ တမႉးေခတ္၏ ပုံစံက မိခင္တစ္ဦး၏ စိုးရိမ္ပူပန္မႈကို ဂိတ္ဆုံးျမႇင့္တင္ေပးလိုက္သည္။

ေဆး႐ုံသြားဖို႔အသည္းအသန္ျငင္းသည့္တမႉးအတြက္ ေမေမက ဆရာဝန္ကို အိမ္သို႔ပင့္ရသည္။ အိမ္ေ႐ွ႕မလွမ္းမကမ္းတြင္ရပ္ထားေသာကားေလးထဲမွလူကို တမႉးမ်က္ႏွာခ်င္းမဆိုင္ခ်င္။ ညက ၁၂ ထိုးမွျပန္ၿပီး မနက္ကိုလည္း မည္သည့္အခ်ိန္ကတည္းကလာေစာင့္ေနသလဲဟုလည္း တမႉး မစဥ္းစားခ်င္။

"သားေလး...တစ္ေရးေလာက္ အိပ္လိုက္ဦးေနာ္၊ တစ္ခုခုဆို ေမေမ့ကို လွမ္းေခၚ၊ ေမေမေအာက္ထပ္မီးဖိုေခ်ာင္ထဲမွာ႐ွိေနမယ္၊ သားစားဖို႔လည္း ဆန္ျပဳတ္ကို အရသာ႐ွိ႐ွိေလး ျပဳတ္ေပးမယ္"

ေနာက္ဆုံး ေဆး႐ိႈန္ျဖင့္ ငုတ္တုတ္ထိုင္ေက်ာ္ျဖတ္ခဲ့ေသာ တစ္ညလုံးအစား အိပ္စက္ျခင္းတြင္ ခက္ခက္ခဲခဲေပ်ာ္ေမြ႕ခဲ့သည္။ အသိဝင္ႏိုးထလာသည့္အခ်ိန္တြင္ ေန႔တစ္ဝက္ကို ကုန္ဆုံးသြားၿပီျဖစ္ေၾကာင္း တိုင္ကပ္နာရီ႐ွိ ၁၂ ကိုေက်ာ္ေနၿပီျဖစ္ေသာ နာရီလက္တံတို႔က အသိေပးသည္။ ႐ွိစုမဲ့စုအားတို႔ကိုစု၍ လူက ျပတင္းေပါက္နံေဘးေရာက္သြားျပန္သည္။ ႐ွင္းလင္းေနေသာလမ္းမက တမႉး ႏွလုံးသားကို လွစ္ဟာသြားေစသည္။

လူႏွစ္ေယာက္ တမႉးဘဝထဲကို တၿပိဳင္နက္တည္း ဝင္လာခဲ့သည္။ ႐ုတ္တရတ္ ထိုလူႏွစ္ေယာက္ကပဲ တစ္ေယာက္တည္းအျဖစ္ တမႉးဘဝထဲက ျပန္ထြက္သြားသည္။

ဟင့္အင္း...တကယ္ပဲ...စီနီယာက တမႉး ဘဝထဲက ေပ်ာက္ကြယ္သြားေတာ့မွာလား။ Jayy ကေရာ...။ စက္ပိတ္ထားေသာ ဖုန္းေလးေၾကာင့္ wattpad ဆိုသည့္ application ေလးဟာလည္း တမႉးႏွင့္ ေဝးကြာေနသည္။ သတိမရခ်င္သည့္ၾကားကပင္ ယေန႔ဟာ အဂၤါေန႔ျဖစ္ေၾကာင္း ဦးေႏွာက္ဆဲလ္မ်ားက သတိေပးသည္။

ခြင့္မျပဳပါဘဲႏွင့္ မ်က္ရည္စီးေၾကာင္းတို႔က ပါးျပင္ထက္သို႔ အလည္လာျပန္သည္။ ေနေကာင္း၍ ေက်ာင္းျပန္တက္လွ်င္ စီနီယာႏွင့္ဆုံမည္။ ထိုအခါ မည္သို႔ မ်က္ႏွာခ်င္းဆိုင္ရပါမည္နည္း။

မေတြ႕ခ်င္ပါ။ တစ္ဆက္တည္းမွာပင္ မ်က္ဝန္းညိဳမ်ားက အာ႐ုံတြင္ ရစ္ဝဲေပၚလာသည္။ လူႏွစ္ေယာက္ဟာ တစ္ေယာက္တည္းျဖစ္ေနသည္ဟုေသာ အေၾကာင္းျပခ်က္တစ္ခုတည္းႏွင့္ တမႉး ျမတ္ႏိုးတြယ္တာခဲ့ရသည့္ လူႏွစ္ေယာက္က တမႉးႏွင့္ အေဝးဆုံးကို ေရာက္သြားေတာ့မည္လား။

မည္သည့္အတြက္ေၾကာင့္မ်ား စီနီယာက တမႉးကို လိမ္ခဲ့တာလဲ။ Jayy က သူပါဆိုသည္ကို ဘာေၾကာင့္ ဖုံးကြယ္ခဲ့တာလဲ။ ထိုအေၾကာင္းျပခ်က္ကို သိခ်င္ေနပါေသာ္လည္း စီနီယာႏွင့္ မ်က္ႏွာခ်င္းမဆိုင္လို။ မဆိုင္ဝံ့။ တမႉးဘက္မွ Jayy ကို သေဘာက်ေၾကာင္း စီနီယာ့ထံအႀကိမ္ႀကိမ္ရင္ဖြင့္ခဲ့ဖူးသည္မို႔ မ်က္ႏွာမျပရဲေအာင္ ႐ွက္႐ြံ႕သည္။ ဒီလိုဆိုလွ်င္ စီနီယာ့ဘက္မွာေရာ...။ စီနီယာကေရာ တမႉးကို မည္သို႔သေဘာထားေနခဲ့မည္နည္း။

မ်က္ဝန္းညိဳမ်ားမွ ၾကင္နာရိပ္ကို ျမင္ခဲ့သည္ဟု ႐ူး႐ူးမိုက္မိုက္ေတြးမိေသာ္လည္း တကယ္တမ္း စီနီယာသာ တမႉးကို သေဘာက်ခဲ့လွ်င္ လိမ္ထားခဲ့စရာမွမလိုတာ။ ကေလးတစ္ေယာက္လို ေပါ့ေပါ့တန္တန္သေဘာထားခဲ့လို႔သာ အ႐ုပ္တစ္႐ုပ္လို ေဆာ့ကစားခဲ့တာေပါ့။

ငိုရျပန္သည္။ ေခါင္းေတြလည္း တဆစ္ဆစ္ထိုးကိုက္လြန္းေနၿပီ။ သက္ျပင္းအထပ္ထပ္ခ်ရင္း ျပတင္းေပါက္ကို ပိတ္လိုက္မိသည္။ ထပ္ၿပီး မေမွ်ာ္လင့္ခ်င္ေတာ့ဘူး။

*******************************************

"အမေလး...ငါတို႔ မႉးမႉးေလး"

ပိုပိုသာသာေအာ္ဟစ္ကာဝင္လာေသာ နယုန္ႏွင့္ဝသုန္အမႊာညီအစ္မေၾကာင့္ အားမ႐ွိသည့္ၾကားမွ ခပ္ယဲ့ယဲ့ျပဳံးမိသည္။ ေနမေကာင္းၿပီး ေနာက္တစ္ေန႔တြင္ေတာ့ တမႉး၏ သတင္းက အရင္းႏွီးဆုံး အမႊာညီအစ္မထံသို႔ ေရာက္သြားၿပီး ညေနေက်ာင္းဆင္းသည္ႏွင့္ တမႉးထံေရာက္လာၾကသည္။ တစ္စုံတစ္ေယာက္ကေတာ့ မနက္ခင္းတစ္ခုတြင္ ကားေလးကို ေနာက္ဆုံးေတြ႕ခဲ့ရျခင္းျဖစ္သည္။

"တမႉးရယ္...ဘယ္လိုျဖစ္ၿပီး ဖ်ားသြားရတာလဲ၊ နင္ဖ်ားတာ အခုမွ ႐ွား႐ွားပါးပါးျမင္ဖူးတယ္၊ ေနာက္ၿပီး ဖုန္းက ဘာလို႔ စက္ပိတ္ထားရတာလဲ၊ ေတာ္ေသးတာေပါ့ အန္တီ့ဖုန္းနံပါတ္႐ွိေနလို႔"

ကုတင္ေဘးတြင္ ဝင္ထိုင္ရင္း ႏွဖူးေပၚလက္တင္သည္။

"အားပါးပါး...ပူျခစ္ေနတာပဲ"

တမႉး မ်က္ႏွာေလးကို အစြမ္းကုန္ငယ္ထားမိသည္။ ေနမေကာင္းသည့္အျပင္ စိတ္ပါမေကာင္းသည္မို႔ လူကခြၽဲခ်င္ေနသည္။

"တမႉးရယ္ နင္ေနမေကာင္းလည္း သတင္းထူးတစ္ခုေျပာျပရဦးမယ္"

"ဘာလဲ"

ခပ္ဆတ္ဆတ္ျပန္ေမးလိုက္သည္။ တမႉး ေနမေကာင္းသည္ထက္ ဘယ္သတင္းက ပိုအေရးႀကီးေနလို႔လဲ။

"မေန႔ကေလ...အဂၤါေန႔ Jayy update လုပ္ရမယ့္ေနေလ...သိလား၊ အဲ့ဒါေတာ့ မွတ္မိလား"

အနာကို ဆားႏွင့္တို႔သလို ရင္ထဲဆစ္ကနဲ႔ ျဖစ္သြား၏။ ပ်က္ခ်င္သြားေသာ မ်က္ႏွာကို အခ်ိန္မွီ ထိန္းလိုက္ရသည္။

"အင္း...အဲ့ဒါ ဘာျဖစ္လဲ"

"ဘာျဖစ္ရမွာလဲ၊ မေန႔က Jayy update မလုပ္ဘူးဟဲ့..."

သတိထားေနသည့္ၾကားမွ လူက ဆတ္ကနဲ႔ျဖစ္သြားသည္။ မေန႔ညက ထိန္းမရသည့္ စိတ္တို႔ေၾကာင့္ စက္ပိတ္ထားေသာ ဖုန္းေလးကို အံဆြဲထဲထည့္ေသာ့ခတ္ထားခဲ့သည္။ ယခုေတာ့ Jayy က update မလုပ္ခဲ့ဘူးတဲ့လား။ တမႉး စသိသည့္ေန႔မွစ၍ Jayy က update တစ္ခါမွ မျပတ္ခဲ့ဖူးပါ။ ယခု ဘာေၾကာင့္လဲ...။ တမႉးေၾကာင့္မ်ားလား။ ႐ူး႐ူးမိုက္မိုက္ေတြးမိျပန္သည္။

"မေန႔ညက ေတာ္ေတာ္ ပြက္ေလာ႐ိုက္သြားတာဟ၊ Jayy ေနာက္ဆုံးpost ေအာက္မွာ ကြန္မန္႔ေတြသြားေရးၾကတာ၊ တခ်ိဳ႕ဆို Tag တြဲၿပီးေမးၾကတာ၊ Jayy ေနမေကာင္းျဖစ္ေနသလားေပါ့၊ တကယ္ပဲ...ငါတို႔ရဲ႕ Jayy ေလး ေနမွေကာင္းရဲ႕လားမသိဘူး၊ ဘာ post မွမတင္သလို myday လည္း မတင္ဘူး"

စကားသံတို႔ကို နားထဲ ၾကားတစ္ခ်က္မၾကားတစ္ခ်က္။ Jayy ဘာေၾကာင့္ update မလုပ္ရသလဲဟူေသာ အေၾကာင္းျပခ်က္ကိုသာ စိတ္ထဲ ထင္ေၾကးအမ်ိဳးမ်ိဳးေပးေနမိသည္။ တမႉးကို ေျပာေနသည္လား...သူတို႔အခ်င္းခ်င္းေျပာေနသည္လားမသဲကြဲေသာ စကားသံမ်ားအၾကား ကိုယ့္အေတြးထဲတြင္သာ ကိုယ္ေျမာေနသည္။

"တမႉးေလး...အဆင္ေျပရဲ႕လား၊ နင့္ၾကည့္ရတာ ေဖ်ာ့ေတာ့ေနတဲ့အျပင္ ေငါင္ေတာင္ေတာင္ပါျဖစ္ေနသလားလို႔"

"အင္း...ဒီလိုပါပဲ ေျပပါတယ္၊ ဒါနဲ႔ ဟို..."

မေနႏိုင္သည့္ စိတ္အစုံက တစ္စုံတစ္ေယာက္အေၾကာင္းကို စုံစမ္းဖို႔ျပင္ေနသည္။

"ဟို...စီနီယာေရာ...ေက်ာင္းတက္..."

"ဟယ္...အဲ့ဒါလည္း ေျပာမလို႔၊ စီနီယာေနရင့္ေရာင္လည္း ေက်ာင္းမတက္ဘူးလားမသိဘူး၊ ငါတို႔နဲ႔ ေန႔လည္ထမင္းလာမစားဘူးဟ၊ နင္မ႐ွိလို႔ လာမစားတာလည္း ျဖစ္ႏိုင္တယ္၊ ဒါမွမဟုတ္ ေက်ာင္းမတက္တာလည္း ျဖစ္ႏိုင္တယ္၊ သူ႕ကို ေတြ႕ကို မေတြ႕မိတာ"

တမႉး စကားမဆုံးခင္ နယုန္က ဝင္ေျပာသည္။ တကယ္လို႔ ေက်ာင္းမတက္ဘူးဆိုလွ်င္ ဘယ္ေတြသြားေနလဲ။ မေန႔ကေန႔လည္မွသည္ ယေန႔ထိ ျပတင္းေပါက္ကို ဖြင့္လိုက္ပိတ္လိုက္ျဖင့္ မသိစိတ္ကေမွ်ာ္လင့္မိခဲ့ေသာ္လည္း အရိပ္အေယာင္မွ်ပင္ မျမင္ရခဲ့။ အေရးမပါလို႔ မလာေတာ့တာေပါ့ဟု ေတြးမိေတာ့ ရင္ထဲ ဆစ္ကနဲ႔ နာက်င္ရျပန္သည္။

နယုန္တို႔ ျပန္သြားခ်ိန္တြင္ အခန္းေထာင့္သို႔ စြန္႔ပစ္ထားေသာ ညစဥ္တျမတ္တႏိုးဖက္အိပ္ခဲ့ရသည့္ အ႐ုပ္ႀကီးႏွစ္႐ုပ္ကို ခပ္ေငးေငးထိုင္ၾကည့္မိသည္။ စိတ္လိုက္မာန္ပါဆြဲၿဖဲပစ္ခဲ့မိေသာ ပုံတူေလးကို အပိုင္းအပိုင္းျပန္ေကာက္ကာ တိတ္ႏွင့္ ျပန္ဆက္ထားသည္။ မထိရက္မကိုက္ရက္ျမတ္ႏိုးခဲ့ရသည့္ Dream Catcher ေလးက ဖုန္းေလးႏွင့္အတူ အံဆြဲထဲ၌ ေသာ့ပိတ္ျခင္းခံထားရသည္။

မ်က္ဝန္းအိမ္တြင္ ထပ္မံ၍ ရစ္ဝိုင္းလာေသာ အရည္ၾကည္မ်ားကို ေခါင္းေမာ့၍ တားဆီးၾကည့္ေသာ္လည္း မ်က္စိေထာင္းစြန္းမွ ေဘးသို႔စီးက်သည္။ ေနာက္ဆုံး ဒူးေပၚမ်က္ႏွာအပ္၍သာ စိတ္႐ွိလက္႐ွိလြတ္ေပးမိျပန္သည္။ ႐ိႈက္သံမထြက္ေအာင္ထိန္းရင္း ရင္ဘက္ထဲက ေအာင့္တက္လာသည္။

လြမ္းပါသည္။ တကယ္လြမ္းပါသည္။ ကိုယ့္ကိုယ္ကိုယ္ လိမ္၍ မရေအာင္ကို လြမ္းဆြတ္မိပါသည္။ တစ္ေယာက္တည္းကိုမွ လူႏွစ္ေယာက္စာခ်စ္ခဲ့ရတာေလ။ ေမွ်ာ္လင့္မိသည္။ မိမိက သူႏွင့္ မဆုံခ်င္ေတာင္ သူက မိမိဆီလာတာမ်ိဳးကို လိုခ်င္သည္။ ေျဖ႐ွင္းခ်က္တစ္ခုႏွင့္ သူေရာက္လာသည္ကို လိုခ်င္သည္။ ေနမေကာင္းသည့္အခ်ိန္ ေႏြးေထြးသည့္ သူ႕ရင္ခြင္ကိုလိုခ်င္သည္။

႐ွက္႐ြံခံျပင္းေနသည့္ၾကားက သူသာ႐ွင္းျပခဲ့လွ်င္ဟူေသာ အေတြးျဖင့္ စိတ္ထဲမွ အႀကိမ္ႀကိမ္ခြင့္လႊတ္ေနသည္။ တစ္ခ်ိန္တည္းမွာပင္ ဘယ္လိုေတာင္းပန္ေတာင္းပန္ ခြင့္မလႊတ္ဘူးဟူေသာ နားၾကည္းစိတ္က ေပ်ာ္ဝင္ခါနီး ႏွင္းမႈန္တစ္မႈန္လို ၾကားျဖတ္ကာ မၾကာခဏ ဝင္ေရာက္လာသည္။ သို႔ေသာ္ ထိုခပ္ယဲ့ယဲ့ႏွင္းမႈန္ေလးသည္ အလြမ္းမီး၏ တိုက္စားျခင္းကို ခံလိုက္ရျပန္သည္။

တကယ္ကို တမႉး စီနီယာ့ကို လြမ္းေနပါသည္။ ႏွစ္ရက္မွ်ေသာ အခ်ိန္ေလးျဖင့္ပင္ ႐ူးမတက္ လြမ္းေနရသည္မို႔ ဒီလူႏွင့္သာ တစ္သတ္လုံး ေဝးသြားခဲ့ရလွ်င္.....။

*******************************

အားလုံးကို ေက်းဇူးတင္လ်က္
Sakura Rain🌸







You are reading the story above: TeenFic.Net